နေပြည်တော် စက်တင်ဘာ ၁၁
(၁၁)ကြိမ်မြောက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးများနှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ကြသည်။
လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ချထားပေးလျက်ရှိ
ဦးစွာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အမှန်တကယ် စီးပွားဖြစ်လုပ်ကိုင်လိုသူများ၊ တစ်နိုင်တစ်ပိုင်လုပ်ကိုင်လိုသူများ၊ လုပ်ငန်းဆောင်ရွက်ရန် အရင်းအနှီးအသင့်ရှိနေကြသော မြေမဲ့ယာမဲ့နိုင်ငံသားများနှင့် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ချထားပေးလျက်ရှိကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် စတင်ချထားပေးရန် အာမခံကြေးအား တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀ သာ ပေးသွင်းရန်လိုအပ်ပြီး အဆိုပါအာမခံကြေးအား ခွင့်ပြုလုပ်ငန်းများ အကောင်အထည်ဖော်ပြီး တည်ငြိမ်ပြီးစီးပါက ပြန်လည်ထုတ်ပေးခြင်းဖြစ်၍ နိုင်ငံတော်အစိုးရက မိမိတို့နိုင်ငံသားများကို မြေများအခမဲ့ချထား ပေးနေသည့်သဘောဖြစ်ကြောင်း။
သတ်မှတ်ထားသည့် စည်းကမ်းများလိုက်နာရန်ပျက်ကွက်ပါက ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားသောမြေကို ပြန်လည်သိမ်းဆည်းခြင်း၊ ပေးသွင်းထားသော အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်းအပြင် တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်းကိုလည်း ခံရနိုင်ကြောင်း။
လယ်ယာမြေများအပေါ်တွင် ရေရှည်အမျိုးသားအကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ရသော နိုင်ငံတော်စီမံကိန်းလုပ်ငန်းကြီးများ၊ အများပြည်သူအကျိုးငှာ ဆောင်ရွက်ကြရသော လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ကြရသောလုပ်ငန်းများတွင် မဖြစ်မနေအနည်းဆုံးလိုအပ်ချက်ပမာဏဖြင့် သုံးစွဲလိုက်ရသည့် လယ်ယာမြေများရှိနေမှုကို လယ်ယာမြေများမလျော့ပါးရေးမူဝါဒ အရမြေလွတ်၊ မြေရိုင်းများကိုစိုက်ပျိုးနိုင်သော လယ်ယာမြေအဖြစ် အသုံးပြုနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့အစည်းအဝေးကို တက်ရောက်နေသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း၊ အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရန်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါဝင်ဆွေးနွေးပေးကြပါရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများအား ဖတ်ကြားတင်ပြရာ အကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက သဘောထားမှတ်ချက် ပြန်ကြားလာသည့် လုပ်ငန်းစာတွဲများ စိစစ်တင်ပြခြင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိမှုများအပေါ် စည်းကမ်းချက်နှင့်အညီ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် အထူးအဖွဲ့ ဖွဲ့စည်းပေးရန် ၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းကို စိစစ်ရန်သီးခြားအဖွဲ့များဖွဲ့စည်းပေးရန်၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် အမိန့်စာမူရင်း ပျောက်ဆုံးသွားသဖြင့် ဒုတိယမူရင်း သို့မဟုတ်မိတ္တူမှန် ပြန်လည်ထုတ်ယူခွင့်ပြုရန်၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီက ငြင်းပယ်ကြောင်း ဆုံးဖြတ်လိုက်သည်ကို အယူခံတင်ပြလာသည့် ကိစ္စရပ်နှင့် ဗဟိုကော်မတီသို့ ဥပဒေပုဒ်မ ၈-က(ခ)အရ အယူခံတင်ပြလာသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်