နေပြည်တော် စက်တင်ဘာ ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဗလငါးတန်ပြည့်စုံရေး
အခမ်းအနားတွင် ဒုတိယဝန်ကြီးဦးရဲတင့်က ကျောင်းသားကျောင်းသူ လူငယ်များအနေဖြင့် အတတ်ပညာ၊ အသိပညာ ကြွယ်ဝပြီး အတွေးအခေါ် အလုပ်အကိုင်မှန်ကန်ကြရန်လိုအပ်ကြောင်း၊ သို့မှသာမိမိတို့ဘဝ အဆင်ပြေနိုင်ပြီး မိသားစု၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံကိုကောင်းကျိုးပြုနိုင်ကြမည် ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဟုဆိုရာတွင် ပညာတတ်မြောက်ရုံဖြင့် မလုံလောက်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးကို မြှင့်တင်ဖော်ဆောင်ပေး လျက်ရှိကြောင်း၊ ဘက်စုံပညာရေး ၏အဓိပ္ပာယ်မှာ ကျယ်ပြန့်ကြောင်း၊ စဉ်းစားတွေးခေါ်သုံးသပ်မှု၊ တီထွင်ဖန်တီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုဆက်ဆံရေး၊ ဦးဆောင်တတ်မှု၊ လောကနီတိ ဆိုင်ရာအပြုအမူ၊ ကျန်းမာကြံ့ခိုင်မှုစသည်တို့လည်း ပါဝင်ကြောင်း၊ ပင်ကိုအရည်အသွေးများ မြှင့်တင်ပေးကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်က ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးလျက်ရှိရာ ဆရာ၊ မိဘ၊ အုပ်ထိန်းသူများ၏ သွန်သင်ဆုံးမမှုများဖြင့် နိုင်ငံတော်က အားထားရမည့်ပညာပြည့်ဝနှလုံးလှပြီး ဗလငါးတန်နှင့် ပြည့်စုံသော သားကောင်းရတနာများ ဖြစ်ကြရန်လေ့လာသင်ယူကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးရဲတင့်က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုကြည်က လက်ခံရယူသည်။
ဖျော်ဖြေတင်ဆက်
ယင်းနောက် စာရေးဆရာမသက်သက်နွယ်(ရန်ကုန် တက္ကသိုလ်)က ကျောင်းစာကြည့် တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းပြီး၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဉ်ဖြင့် လူငယ်အသိပညာ ပေးဟောပြောကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြသည်။
ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
ထို့နောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသားကျောင်းသူ လူငယ်များအား ဗဟုသုတရရှိစေရန် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန်လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)က ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ ကျင်းပပေးခြင်း စသည့်ပျော်ရွှင် ဖွယ်ဂိမ်းများကစား၍ အနိုင်ရရှိသူအား အမျိုးသားစာပေဆုရှင် ဆရာစိုးတင့်(ဧရာဝတီ)မိသားစုနှင့် ကျောင်းအကျိုးတော်ဆောင်များက လှူဒါန်းသောစာရေး ကိရိယာနှင့်မုန့်များပေးအပ်ကာ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(IPRD)