နေပြည်တော် စက်တင်ဘာ ၁၀
ကာဇက်စတန်သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E.Ms. Elvira Azimova ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၇ ရက်မှ ၈ ရက်အထိ ကာဇက်စတန် သမ္မတနိုင်ငံ အက်စ်တာနာမြို့ ၌ “Constitutional Justice: Dignity, Freedom and Justice for All” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲကို ကာဇက်စတန် သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (၇၅)နှစ် ပြည့်မြောက်ခြင်းတို့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းကို မြှင့်တင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ထိန်းကျောင်းမှုအခန်းကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရာတွင် ထိရောက်သော ဖွဲ့စည်းပုံအခြေခံဥပဒေထိန်းကျောင်းမှုများ၊ နိုင်ငံသားများ၏ တရားမျှတမှုနှင့် တန်းတူအခွင့်အရေးများရရှိစေရေး စသည့် အချက်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ကာဇက်စတန်သမ္မတနိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံပေါင်း (၁၉) နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၊ ခုံရုံး၊ တရားလွှတ်တော်ချုပ်တို့မှ ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ လူ့အခွင့် အရေးဆိုင်ရာ ကော်မရှင်မင်းကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဗင်းနစ်ကော်မရှင်နှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များနှင့် အခြားဖိတ်ကြားထားသည့်နိုင်ငံများမှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းကို မြှင့်တင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ထိန်းကျောင်းမှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေရှုထောင့်အမြင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင် ရေးအတွေ့အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းနှင့်အတူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရူပါဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်