ဒေသတည်ငြိမ်အေးချမ်းမှုသည် ဒေသတွင်းနေပြည်သူများ အလိုလားဆုံးသော အခြေအနေတစ်ရပ်ပင် ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သည်။ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်သည်။ ဒေသများနည်းတူ နိုင်ငံသည်လည်း တည်ငြိမ်အေးချမ်းမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
မိမိတို့မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့် မရှေးမနှောင်းမှာပင် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ရာ မျက်မှောက်ကာလရောက်ရှိသည်အထိ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတို့ ကင်းပြတ်သည်ဟူ၍မရှိ။ လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းဟူသည် သဘောသဘာဝကိုယ်နှိုက်က ဖျက်ဆီးခြင်းပင်ဖြစ်ရာ လက်နက်ကိုင်ပဋိပက္ခတို့ဖြစ်ပွားရာ နေရာဒေသတို့မှာ တည်ဆောက်မှုများ လုပ်ကိုင်၍မရ။ ဖွံ့ဖြိုးတိုးတက်မှုများအစား အပျက်အစီးများနှင့် အနိဋ္ဌာရုံများကသာလျှင် နေရာယူထားကြသည်။ ဒေသခံပြည်သူများမှာ လယ်ယာကျွဲနွားများနှင့် စီးပွားအလုပ်အကိုင်တို့ကိုပစ်ကာ အသက်ဘေးမှလွတ်အောင် ဒေသကိုစွန့်ခွာကြရသည်။ ယာယီနေရာများတွင် ခိုလှုံနေထိုင်၍ အထောက်အပံ့ခံဘဝဖြင့် နေထိုင်ကြရသည်။ ကလေးများနှင့် လူငယ်များအနေဖြင့်လည်း ပညာသင်ကြားခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးကြရပြီး အနာဂတ်ပျောက်ဆုံးကြရသည်။ သို့ဖြစ်ရာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဒေသခံပြည်သူများက လွန်စွာလိုလားကြသည်။
“ဒေသတွင်းရှိ ပြည်သူလူထုမှအစပြု၍ အုပ်ချုပ်သူများအထိ တစ်သမတ်တည်းသော တူညီသည့်သဘောထားရှိရန်လိုပြီး မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များကို အတူတကွ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဒေသနှင့်ဒေသခံများ၏ အကျိုးစီးပွားအတွက် လိုလားချက်နှင့် တောင်းဆိုချက်များကို ဒီမိုကရေစီနည်းလမ်းဖြင့်သာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးထားသည့် လမ်း၊ တံတား၊ အဆောက်အဦများ ဖောက်ခွဲဖျက်ဆီးခြင်း၊ လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းနိုင်ရေးကို အနှောင့်အယှက်များဖြစ်ပေါ်စေခြင်း စသည့်အဖျက် အမှောင့်လုပ်ရပ်များကြောင့် ဒေသကို ထိခိုက်နစ်နာစေကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့သည်။
ယခုအခါ မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိရာ ဒေသအကျိုး၊ ဒေသခံပြည်သူများ၏အကျိုးအတွက် လိုလားချက်၊ တောင်းဆိုချက်များကို ဒီမိုကရေစီနည်းလမ်းဖြင့် ဆောင်ရွက်ရန် အခွင့်အလမ်းများရှိနေပြီဖြစ်သည်။ လက်နက် ကိုင်ပဋိပက္ခနည်းလမ်းကို ရှောင်ရှားခြင်းဖြင့် သေကျေပျက်စီး ဆုံးရှုံးခြင်း အနိဋ္ဌာရုံများ ကင်းဝေးစေကာ ဒေသဖွံ့ဖြိုးတိုးတက် ရေးကို အာရုံစူးစိုက် ကြိုးပမ်းဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှု ခိုင်မြဲသည်နှင့်အမျှ အရှိန်အဟုန်နှင့် ဖော်ဆောင်ကာ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို ရယူနိုင်ကြမှာ ဖြစ်သည်။ နယ်မြေဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တည်ဆောက်၍ ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုနှင့်အတူ ဒေသတွင်းအဖွဲ့အစည်းများကပါ ဝိုင်းဝန်းကြိုးပမ်းပါဝင်ဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးဆောင်ကြဉ်းနိုင်ကြပါစေကြောင်း။ ။