နေပြည်တော် စက်တင်ဘာ ၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ဆန်းဦးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ နန်းဦး ဆုတောင်းပြည့်စေတီတော်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆွမ်းနှင့်ဆီမီးတို့ ဆက်ကပ်လှူဒါန်းပူဇော်သည်။
ဖူးမြော်ကြည်ညို
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ် နန်းစဉ်အဆက်ဆက်ကိုးကွယ်ခဲ့သော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောင်မြေသာစံမြို့နယ် မင်းရှင်စောတည်ထားကိုးကွယ်ခဲ့သည့် ရွှေကျီးမြင်ဘုရားအား ဖူးမြော်ကြည်ညိုကာ ရွှေကျီးမြင်ဘုရားလိုဏ်အတွင်းရှိ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ နန်းစဉ်အဆက်ဆက်ကိုးကွယ်ခဲ့သော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ဖူးမြော်ကြည်ညိုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မဟာနာယကချုပ် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒောဘာသဘိဝံသထံ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထား၍ ဆရာတော်ကြီး ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာသမားတော်ဆရာဝန်ကြီးများနှင့် ညှိနှိုင်းကာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆရာတော်ကြီးအား သင်္ကန်း၊ အာဟာရဆေးနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်စာသင်တိုက်မှ တန်းဆွမ်းအလှူခံကြွတော်မူသော ရဟန်းသာမဏေအပါး ၁၅၀ တို့အား ဗုဒ္ဓရုပ်ပွားပုံတော်များ ဆက်ကပ်လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ ရွှေနန်းတော်ကျောင်းသို့ သွားရောက်စစ်ဆေးရာတာဝန်ရှိသူများက နှစ်ပေါင်း ၁၄၀ ရှိပြီဖြစ်သော ရွှေနန်းတော်ကျောင်း အထွေအထွေမွမ်းမံထိန်းသိမ်းခြင်း၊ ကြမ်းခင်းနှင့်နံရံများ မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ရွှေနန်းတော်ကျောင်းအတွင်း အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်အတူ မန္တလေးမြနန်းစံကျော် ရွှေနန်းတော်သို့ သွားရောက်စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မြနန်းစံကျော်ရွှေနန်းတော်ကြီး ပြုပြင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ အသုံးစရိတ်နှင့်ကိုက်ညီသော အရည်အသွေးရရှိရန်လိုကြောင်း၊ တင်ဒါဖြင့် ဆောင်ရွက်သောလုပ်ငန်းများကို သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းတိုးတက်မှုအခြေအနေကို လစဉ်တင်ပြရန်လိုအပ်ကြောင်း မှာကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယဉ်ကျေးမှုပြတိုက်ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နန်းမြို့ရိုး ပြကလေး(၁၉)၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သူရဲခိုအလုံး ၂၀ အလေးဝန်လျော့ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်ကြံ့ခိုင်ရေး စနစ်တကျဆောင်ရွက်သွားရန်မှာကြားသည်။ ထို့နောက် နန်းမြို့ရိုးအပြင်ဘက်သို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အောက်ခြေနံရံများကို ရေခိုးရေငွေ့များ ထိခိုက်မှုမရှိစေရေး ကြံ့ခိုင်မှုကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ၁၀၉ လမ်းရှိ မြန်မာအနုပညာဗဟိုဌာနသို့သွားရောက်၍ မြန်မာအနုပညာဗဟိုဌာန (Myanmar Art Center) တည်ဆောက် ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်