မြစ်ကြီးနား စက်တင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးဝါးကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် အာဟာရဖြစ် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကြပြီး ဆေးရုံအတွက် ဆေးပဒေသာပင်ထောက်ပံ့ငွေများကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု ၁၂ စုမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအားလုံးအတွက် တိုင်းပြည်သာယာဝပြောရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့နောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အဓိကဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွင် မိမိတို့တိုင်းရင်းသားအားလုံးပါဝင်ကြရန် အလေးအနက်ထားတိုက်တွန်းလိုကြောင်း၊ ထို့အပြင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက် ရေးလုပ်ငန်းစဉ်များတွင်လည်း မိမိတို့တစ်ဦးချင်းစီက ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များအပေါ် ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုကို ဖြည့်စွက်ရှင်းလင်းပြောကြားပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဝန်ကြီးဌာန၏ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နေမှုနှင့် တိုင်းရင်းသားမျိုးနွယ်စုအလိုက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တက်ရောက်လာကြသည့် ကချင်မျိုးနွယ်စုခြောက်မျိုး၊ ရှမ်းမျိုးနွယ်စုငါးမျိုးနှင့် ဗမာတိုင်းရင်းသားမျိုးနွယ်စုတို့မှ စာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့များနှင့် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း၊ ကချင်ပြည်နယ်ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုများအသင်းတို့အတွက် ထောက်ပံ့ငွေကျပ် ၂၈ သိန်းနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကိုယ်စား မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တိုင်းရင်းသားမျိုးနွယ်စုများအလိုက် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ဒေသတွင်း အသေးစား၊ အလတ်စားနှင့် အငယ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးမွေးမြူရေးတောင်သူများက လုပ်ငန်းများအတွက် ချေးငွေရရှိရေး၊ အရည်အသွေးမြှင့်ထုတ်ကုန်များအဖြစ် ပြည်ပတင်ပို့ရာတွင်လိုအပ်သည့် နည်းပညာအကူအညီများပေးနိုင်ရေး၊ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်ဖော်ဆောင်ပေးရေး၊ လျှပ်စစ်မီးအလုံအလောက်ရရှိရေး၊ လုပ်ငန်းကဏ္ဍအလိုက် လိုအပ်ချက်၊ အခက်အခဲများ၊ ပူးပေါင်းချိတ်ဆက်ပေးစေလိုသည့် ကိစ္စရပ်များကိုတင်ပြကြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကဏ္ဍအလိုက် လိုက်နာဆောင်ရွက်သွားရမည့် လုပ်ထုံးလုပ်နည်းများ၊ ပံ့ပိုးကူညီပေးနိုင်သည့်ကိစ္စရပ်များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)