နေပြည်တော် စက်တင်ဘာ ၉
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယမန်နေ့က အလယ်ချောင်းကျေးရွာအုပ်စု တောင်မြင့်ရွာမကျေးရွာသို့ ရောက်ရှိကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်မြင့်ရွာမကျေးရွာ Church ကျောင်း၌ အလယ်ချောင်းကျေးရွာအုပ်စု၊ ဘို့မကျေးရွာအုပ်စုနှင့် ကိုးတစ်ကျေးရွာအုပ်စုမှ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ရေးပစ္စည်းများနှင့် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပေးအပ်သည်။
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီအဖွဲ့ဝင်က မြို့ပြနှင့်ကျေးလက်ဒေသကွာဟမှုမဖြစ်စေရေးနှင့် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်ပေါ်ဒေသကိုလာရောက်၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြပေးစေလိုကြောင်း၊ ထိုသို့ဆွေးနွေးတင်ပြမှသာ ဒေသလိုအပ်ချက်များကို မိမိတို့အနေဖြင့် အမြန်ဆုံးဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ရောက်ရှိနေသည့် အချိန်အတွင်း၌လည်း ကျေးရွာအုပ်စုအတွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းလုံခြုံရေးသည်လည်း အရေးကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အလယ်ချောင်း ကျေးရွာအုပ်စု၊ ဘို့မကျေးရွာအုပ်စုနှင့် ကိုးတစ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ Church ကျောင်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ဆေးဝါးများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ထောက်ပံ့ငွေတို့ကို ပေးအပ်ရာသက်ဆိုင်ရာ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျောင်း အုပ်ဆရာကြီးများက လက်ခံရယူကြသည်။
ယင်းနောက် ပျဉ်းမနား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က အလယ်ချောင်းကျေးရွာအုပ်စု၊ ဘို့မကျေးရွာအုပ်စုနှင့် ကိုးတစ်ကျေးရွာအုပ်စုရှိ ကျေးရွာသူကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)တို့ကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ဆက်လက်၍ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများက မိမိတို့ဒေသအတွက် ဆောင်ရွက်ပေးစေလိုသည့် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဆိုလာမီးများတပ်ဆင်နိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအမံများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသည့်အဖွဲ့သည် တောင်မြင့်ရွာမ အခြေခံပညာအလယ်တန်းကျောင်းသို့ရောက်ရှိပြီး ပျဉ်းမနား တောင်ပေါ်ဒေသကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ ဆရာမများကို တွေ့ဆုံအားပေး စကားပြောကြားကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်၍ တောင်မြင့်ရွာမ အခြေခံပညာအလယ်တန်းကျောင်းတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ကြရာ ကုသရေးဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျေးလက်နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အလယ်ချောင်းကျေးရွာအုပ်စု၊ ဘို့မကျေးရွာအုပ်စုနှင့် ကိုးတစ်ကျေးရွာအုပ်စုရှိ ကျေးရွာသူကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများကို ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
သတင်းစဉ်