Skip to main content

သတင်းအမှန်များသိရှိခြင်း​ကြောင့် အကျိုးရှိပြီး သတင်းအမှားများက ဆိုးကျိုးကိုဖြစ်​ပေါ်​စေ လူမှုကွန်ရက်မီဒီယာများ​ကို ချင့်ချိန်သုံးစွဲပြီး အကျိုးရှိ​အောင် အသုံးပြုနိုင်ကြ​စေလို

ရန်ကုန် စက်တင်ဘာ ၉

ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်​​ထောင်စုဝန်ကြီး ဦးမောင်​မောင်အုန်းသည် ယ​နေ့တွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ပုံနှိပ်​ရေးနှင့်ထုတ်​ဝေ​ရေးဦးစီးဌာန စာပေဗိမာန်၊ ဗိုလ်​အောင်​ကျော်လမ်းရှိ မြန်မာ့မီဒီယာဖွံ့ဖြိုး​ရေးဦးစီးဌာနရုံး​နှင့် ဗဟန်းမြို့နယ်ရှိ The Global New Light of Myanmar သတင်းစာတိုက်တို့ကို သွားရောက်ကြည့်ရှုစစ်​ဆေးပြီး ရုပ်ရှင်မြှင့်တင်​ရေးဌာနခွဲ၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ​တွေ့ဆုံသည်။

နံနက်ပိုင်းတွင် စာ​ပေဗိမာန်သို့ ​ ရောက်ရှိပြီး စာ​ပေဗိမာန်အ​ရောင်းဆိုင်တွင် စာအုပ်များ  လာရောက်ရွေးချယ်ဝယ်ယူ​နေမှုကို ကြည့်ရှုအား​ပေးကာ ရင်းရင်းနှီးနှီး ​နှုတ်ဆက်သည်။

ယင်း​နောက် စာ​ပေဗိမာန် ပြည်သူ့စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်​ဆေးသည်။

ထို့​နောက် အစည်းအ​ဝေးခန်းမ၌ ဝန်ထမ်းများနှင့် ​တွေ့ဆုံရာ စာတည်းမှူးချုပ်က လုပ်ငန်း​ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်​ထောင်စုဝန်ကြီးက မှာကြားရာတွင် စာ​ပေဗိမာန်၏ အခန်းကဏ္ဍသည် အ​ရေးကြီးပါ​ကြောင်း၊ စာ​ပေနှင့်ပတ်သက်ပြီး အစဉ်အလာရှိသည့် အထင်ကရဌာနတစ်ခုဖြစ်ပါ​ကြောင်း။

ဝန်ထမ်းများအ​နေဖြင့် နိုင်ငံတကာဖြစ်ရပ်များ၊ ပြည်တွင်းရေးရာများကို အားလုံးသိရှိကြမည်ဟု ယူဆပါကြောင်း၊ သတင်းအမှန်များ သိရှိခြင်း​ကြောင့် အကျိုးရှိပြီး သတင်းအမှားများက ဆိုးကျိုးကိုဖြစ်​ပေါ်စေပါ​ကြောင်း၊ သတင်းအတု၊ သတင်းအမှားများ​ကြောင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတိုင်းတွင် အခက်အခဲများကြုံ​တွေ့ရပါ​ကြောင်း၊ လူမှုကွန်ရက်မီဒီယာများ​ကို အကျိုးရှိ​အောင် အသုံးပြုနိုင်သကဲ့သို့ အကျိုးမဲ့​အောင်လည်းလုပ်၍ရပါ​ကြောင်း၊ သုံးစွဲသူအပေါ် မူတည်သည့်အတွက် မိမိတို့အ​နေဖြင့် ချင့်ချိန်သုံးစွဲပြီး အကျိုးရှိအောင် အသုံးပြုနိုင်ကြ​စေလိုပါ​ကြောင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်း​နောက် ဗိုလ်​အောင်ကျော်လမ်းရှိ မီဒီယာဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးနေရာချထားမှုအ​နေအထားကို ကြည့်ရှုစစ်​ဆေးကာ ရုံးအပေါ်ထပ်ရှိ Media N Co. Ltd ၏ ရုံးခန်းများ၊ သတင်းခန်းများကို ကြည့်ရှု၍ M Entertainment Channel မှ ရိုက်ကူးပြသ​နေမှုများကို ကြည့်ရှုအား​ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်​ထောင်စုဝန်ကြီးသည် The Global New Light of Myanmar သတင်းစာတိုက်၌ စာတည်းအဖွဲ့ဝင်များနှင့်​​တွေ့ဆုံရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်​​ထောင်စုဝန်ကြီးက The Global New Light of Myanmar သတင်းစာကို ၁.၈.၂၀၂၃ ရက်​​နေ့မှ စတင်ကာ Logo မှအစ၊ အခြား​သော အသွင်သဏ္ဌာန်နှင့် အနှစ်သာရပိုင်း ​ပြောင်းလဲ​ဖော်​​ဆောင်ခဲ့ကြသည့် စာတည်းအဖွဲ့ဝင်များ၊ တာဝန်ရှိသူဝန်ထမ်းအားလုံးကို အသိအမှတ်ပြုပါ​ကြောင်း၊ စာတည်းအဖွဲ့ဝင်များက မိမိတို့သတင်းစာ စာဖတ်ပရိသတ်များ စိတ်ဝင်စားမည့် သတင်းအ​ကြောင်းအရာများကို​ရွေးချယ်ပြီး ​ဖော်ပြသွားရန်လိုကြောင်း၊ သတင်းများစုစည်း​ရွေးချယ်ရာတွင် နိုင်ငံ​ရေးအမြင်ရှိရန်လိုပြီး သတင်းစာတိုက်မူဝါဒများနှင့်အညီ လွတ်လွတ်လပ်လပ်​​ဖော်ပြဆောင်ရွက်နိုင်​သော်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်​စေမည့်သတင်းများ၊ မိမိတို့နှင့် ချစ်ကြည်ရင်းနှီးစွဲရှိသည့် နိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါး​စော်ကားသည့် သတင်းများကို မ​ဖော်ပြမိရန်လို​ကြောင်း၊ သတင်းများ၊ ဆောင်းပါးများအားလုံးကို စိစစ်ဖတ်ရှုတည်းဖြတ်ပြီး အမှားအယွင်းမပါရှိ​အောင် စနစ်တကျ ရွေးချယ်ဖော်ပြသွား​စေလို​ကြောင်း မှာကြားကာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့​နောက် ပြည်​ထောင်စုဝန်ကြီးသည် ပုံနှိပ်စက်ခန်းကို လှည့်လည်ကြည့်ရှုစစ်​ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်​ရေးဌာနခွဲ၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ​တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်​ထောင်စုဝန်ကြီးက ရုပ်ရှင်​လောကနှင့်ပတ်သက်၍ ဖြစ်​ပေါ်ပြောင်းလဲမှုများအ​ပေါ် ပေါင်းစပ်ညှိနှိုင်းရန် ကိစ္စများရှိပါက  ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် ပြည်သူများက ရုပ်ရှင်ဇာတ်ကားများအ​ပေါ် ပြန်လည်သက်ဝင်ခံစားမှုများရှိလာပြီး ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုများလည်း ပုံမှန်အခြေအ​နေနီးပါးဖြစ်​ပေါ်လာခြင်းအတွက် ဝမ်းမြောက်မိပါ​ကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု​ပေးပွဲအခမ်းအနားကြီးကို ကျင်းပပြုလုပ်နိုင်​ရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်​ရေးအတွက် လိုအပ်သည်များ ​ဆွေး​နွေး​ပေးကြ​စေလို​ကြောင်း၊ ပြီးခဲ့သည့်ကာလများတွင် ပြန်ကြား​ရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်​လောကသားများ အပြန်အလှန်ယုံကြည်မှုများဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အတွက် အထိုက်အလျောက် ​အောင်မြင်မှုများရှိခဲ့ပြီး ​​နောင်လာမည့် ကာလများတွင်လည်း လုပ်ငန်းများပိုမို​အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်သွားကြရန်လို​ကြောင်း။

ရုပ်ရှင်ဇာတ်ကားများအား ပြည်တွင်းမှာသာမက နိုင်ငံတကာရုပ်ရှင်ပွဲ​တော်များ၊ အထိမ်းအမှတ်ပွဲများတွင် ချိတ်ဆက်ပြသနိုင်​ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားကြ​စေလိုပါ​ကြောင်း၊ မြန်မာ့ရုပ်ရှင်အဆင့်အတန်းကို မည်သို့မြှင့်တင်ကြမည်၊ မည်သို့လုပ်​ဆောင်ရမည်ကို ဆွေးနွေးပေးကြ​စေလိုပါကြောင်း ပြောကြားသည်။

ထို့​နောက် ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ နာယကဦးအောင်လွင်နှင့် တက်​ရောက်လာသူများက မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မားတိုးတက်​​ရေးနှင့်ပတ်သက်၍ ​ဆွေးနွေးတင်ပြခဲ့ကြသည်။

သတင်းစဉ်