အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ်(၃၁)အရ အာဆီယံဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည်အက္ခရာစဉ်အလိုက် အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်အလှည့်ကျတာဝန်ယူထမ်းဆောင်ရမည်ဟု ဖော်ပြထားပါသည်။ အဆိုပါမူအရမြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူဆောင်ရွက်ရမည်ဖြစ်ပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အလှည့်ကျဥက္ကဋ္ဌတာဝန်ရယူရန်အတွက် အချိန်အနည်းဆုံး(၂)နှစ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့်ကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံတော်ကိုတည်ဆောက်နေသည့် ကာလဖြစ်သဖြင့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူရန် အဆင်ပြေမှုရှိ-မရှိကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးထံသို့ မြန်မာဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စာပေးပို့၍ သဘောထားမေးမြန်းခဲ့ပါသည်။ အဆိုပါကိစ္စကို မြန်မာက ၂ဝ၂၃ ခုနှစ်၏ အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသို့လည်း အသိပေးထားပြီးဖြစ်ပါသည်။
ဖိလစ်ပိုင်နိုင်ငံကလည်း ၂၀၂၆ ခုနှစ်တွင် ၎င်းမှ အာဆီယံဥက္ကဋ္ဌတာဝန်ယူရန် အဆင်ပြေပါကြောင်းနှင့် လက်ရှိအာဆီယံဥက္ကဋ္ဌနှင့် ကျန်အဖွဲ့ဝင်များကို အသိပေးပြောကြားသွားမည်ဖြစ်ကြောင်း တရားဝင်အကြောင်းပြန်ကြားမှုပြုခဲ့ပါသည်။ ထို့နောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးထံလိပ်မူ၍ ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန်ကို ၂ဝ၂၇ ခုနှစ် အစား ၂ဝ၂၆ ခုနှစ်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုရရှိမည်ဟု မျှော်လင့်ပါကြောင်း စာပေးပို့ခဲ့ပါသည်။
(၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ကိုထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်၏ စာပိုဒ်(၁၅)တွင် “၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံမှ တာဝန်ယူရန်ဆုံးဖြတ်ခဲ့ကြပြီး၊ အခြားဆုံးဖြတ်ချက်တစ်ရပ် မထွက်ပေါ်မီအချိန်အထိ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌဇယားကို အက္ခရာစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်” ဟုဖော်ပြပါရှိသည်ကို တွေ့ရှိရပါသည်။
ထိုပြင် အချို့သော နိုင်ငံတကာသတင်းမီဒီယာများ၏ ဖော်ပြချက်များ၌လည်း ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်နှင့်ပတ်သက်၍ ဖော်ပြချက်များသည် ၎င်းတို့လိုလားသည့်ပုံစံများဖြင့် အဓိပ္ပာယ်လွဲမှားစွာ ဖော်ပြနေသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ယူမှုနှင့်ပတ်သက်၍ သမိုင်းကြောင်းပြန်ကြည့်ရပါက အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ်(၃၁)အရ အာဆီယံဥက္ကဋ္ဌတာဝန်ကို ၂၀၀၆ ခုနှစ်တွင် တာဝန်ယူရမည်ဖြစ်ပါသည်။ သို့သော် ထိုအချိန်အခါက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်(၇)ရပ်နှင့်အညီ ဒီမိုကရေစီသို့ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိသည့်အတွက်လည်းကောင်း၊ အာဆီယံအဖွဲ့၏ ရည်မှန်းချက်များအကောင်အထည်ဖော်ရာတွင် အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်စေရန်အတွက် ရှေးရှု၍လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ၂၀၀၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူမည့် အခွင့်အရေးကို အနစ်နာခံစွန့်လွတ်ခဲ့ပါသည်။ ထို့နောက် အာဆီယံဥက္ကဋ္ဌတာဝန်ကို ၂၀၁၆ ခုနှစ်တွင် တာဝန်ယူရမည့် အလှည့်ကိုလည်း မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မလေးရှားနှင့် လာအိုနိုင်ငံတို့နှင့် ညှိနှိုင်းသဘောတူညီချက်အရ ၂၀၁၄ ခုနှစ်တွင် တာဝန်လွှဲပြောင်းယူခဲ့သည့် သာဓကများရှိပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံက မိမိနိုင်ငံ၏ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များရှိ၍ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံသို့ သဘောထားမေးမြန်းညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး အခြားအဖွဲ့ဝင်နိုင်ငံများသို့ ချပြအသိပေးခြင်း သဘောတူညီမှုရှိခြင်းများဖြင့် လွှဲပြောင်းခဲ့ခြင်းဖြစ်ပါကြောင်း သိသာနိုင်ပါရန် ရှင်းလင်းဖော်ပြအပ်ပါသည်။