နေပြည်တော် စက်တင်ဘာ ၈
တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် နှစ် (၃၀) ပြည့် အခမ်းအနား နှင့် (၁၄) ကြိမ်မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဦးဆောင်သော ကိုယ်စားလှယ်လေးဦး တက်ရောက်ခဲ့သည်။
ဆွေးနွေး
စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် ဒုတိယ ဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Xu Datong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် Bilateral တွေ့ဆုံပြီး နှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက် နေမှုပိုမိုမြှင့်တင်ရေး၊ ပရီကာဆာဓာတုပစ္စည်းများ နယ်စပ်ဒေသများမှ တရားမဝင်လမ်းလွဲဝင်ရောက်မှု မရှိစေရေး ပူးပေါင်းထိန်းချုပ်ရေး၊ အွန်လိုင်းအသုံးပြု လိမ်လည်သည့်မှုခင်းများ တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
စက်တင်ဘာ ၆ ရက်တွင် (၁၄) ကြိမ်မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည် မှုစာချွန်လွှာဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပရာ မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် UNODC တို့မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာန ဝန်ကြီး Mr. Wang Xiaohong က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်ခေါင်းဆောင်များက မိန့်ခွန်းပြောကြားကြရာ မြန်မာကိုယ်စားလှယ်ခေါင်းဆောင် ဒုတိယဝန်ကြီးရဲချုပ်က မဲခေါင်ဒေသခွဲအတွင်း ယခင်က ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိကပြဿနာတစ်ရပ် ဖြစ်ခဲ့သော်လည်း ယခုအခါ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုသည် ပိုမိုကြီးထွား ကျယ်ပြန့်လာခဲ့ပြီး Happy Water အမည်ရှိ စိတ်ပြောင်းဆေးဝါးများ ရောစပ်သုံးစွဲမှု အခြေအနေမှာလည်း နေ့စဉ်နှင့်အမျှ မြင့်တက်နေသည်ကို ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ တွေ့ရှိရကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုများလျှော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့် အညီဖြစ်စေရေးဟူသော ကဏ္ဍ (၅) ရပ် ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကိုလည်း စနစ်တကျစီမံချက်ချမှတ်၍ နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေးအတွက် ရှမ်းပြည်နယ်အတွင်း ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးရောယှက်မှုကင်းရှင်းသည့် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းကိုသာ ဦးတည်ဆောင်ရွက်လျက်ရှိပြီး မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း၊ ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို UNODC အပါအဝင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့်အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေး၌ မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်ခေါင်းဆောင်များက ဒေသတွင်းမူးယစ်ဆေးဝါးအခြေအနေများနှင့် မဲခေါင်ဒေသခွဲလုပ်ငန်းစီမံချက်(၁၁) (၂၀၁၉-၂၀၂၂) အပေါ် အကောင် အထည်ဖော်နိုင်ခဲ့မှုအခြေအနေများ၊ မဲခေါင်ဒေသခွဲ လုပ်ငန်းစီမံချက်(၁၂) (၂၀၂၃-၂၀၂၅) အပေါ် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ပေကျင်းကြေညာစာတမ်း၊ မဟာမဲခေါင်ဒေသခွဲအတွင်း လူလုပ်မူးယစ်ဆေးဝါးပြဿနာ ပူးပေါင်းတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ အဆိုပြုလုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ အတည်ပြုဆွေးနွေး မှုများ၊ ၂၀၂၅ ခုနှစ်တွင် ဝန်ကြီးအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပ နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
လှည့်လည်ကြည့်ရှု
အစည်းအဝေးအပြီးတွင် မဲခေါင်နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည့် နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြသထားသည့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီး ညနေပိုင်း တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr. Wang Xiaohong က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်၍ အမှတ်တရလက်ဆောင်များ အပြန်အလှန် ဖလှယ်ခဲ့ကြသည်။
အဆိုပါခရီးစဉ်တွင် လိုက်ပါသွားသည့် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူးရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၅ ရက်တွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ပြီး ရဲမှူးချုပ်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ အနာဂတ်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများနှင့် UNODC ကိုယ်စားလှယ်တို့က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ထုတ်ပြန်မည့် မဲခေါင်ဒေသခွဲ လုပ်ငန်းစီမံချက်(၁၂) (၂၀၂၃-၂၀၂၅)၊ ပေကျင်း ကြေညာစာတမ်း၊ တရုတ်နိုင်ငံ၏ အဆိုပြု လုပ်ငန်းစဉ်တို့ကို အတည်ပြုနိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံပေကျင်းမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြောင်း သိရသည်။
သတင်းစဉ်