Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ဈေး၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကိုထိန်းချုပ်၍ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေး ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ ကချင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်းနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူတို့ပူးပေါင်း၍ ဒေသခံများအတွက် ပြင်ပပေါက်ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း ရွှေသွေးခန်းမ၌ကျင်းပသည့် ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာတတ်မြောက်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ဖြည့်စွက် ရှင်းလင်းမှာကြားပြီး မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားအတွက် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၏ စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု Video Clip ပြသမှုကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်က အခမ်းအနားတွင် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာဦးစီးဌာနမှ စာတတ်မြောက်ရေးလှုပ်ရှားမှုပုံရိပ်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ နှင့် Mobile Library စာအုပ် စာစောင်ငှားရမ်းမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် အဆိုပါခန်းမ၌ ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာန ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးနှင့် လူငယ်ကဏ္ဍ တိုးတက်မြင့်မားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ မှာကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ပညာရေးမှူးနှင့် တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများက ပညာရေးကဏ္ဍအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေး-လားရှိုး- ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတား တံတား အမှတ် (၂/၄၈၄) ၊ ဗလမင်းထင် တံတားအမှတ် (၂) (၃၂၁၂ ဒသမ ၀၉၉) ပေအရှည်ရှိ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စု တန်ဘောင်ကျေးရွာအတွင်း ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ KEP Logistics Co.,Ltd သို့ သွားရောက်၍ ကချင်ပြည်နယ်မှတစ်ဆင့် ပို့ကုန်/သွင်းကုန် စီးပွားရေးလုပ်ငန်းများ၊ နယ်စပ်ကုန် စီးဆင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှု၊ လိုအပ်ချက်၊ အခက်အခဲများနှင့်စပ်လျဉ်း၍ တာဝန်ခံ ဦးအားဖူ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဝိုင်းမော်-ကံပိုင်တည် နယ်စပ်ဂိတ်သွားလမ်း အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရေး၊ လိုင်စင်မဲ့/စည်းကမ်းမဲ့ မော်တော်ယာဉ်ကြီးများ အရေးယူထိန်းချုပ်ကွပ်ကဲနိုင်ရေးနှင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပိုမိုချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကုန်တင်ကုန်ချဝင်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပံ့ပိုးပေးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ငန်း သမဝါယမအသင်းလီမိတက်၌ ပျော့ဖတ်စက်အသစ်လည်ပတ်နေမှုနှင့် စက်ရုံထုတ် ကုန်ကြမ်းများ ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း တပ်ကုန်းကွင်းနှင့် မန်ခိန်ကွင်းတို့အတွင်း မိုးစပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ဆောင်းသီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးတို့အတွက် စိုက်ပျိုးရေ၊ သွင်းအားစုများ ပံ့ပိုးကူညီပေးထားမှုအခြေအနေများနှင့် မန်ခိန်ကွင်းအတွင်း တောင်သူများ၏ မိုးစပါးကြဲပက်နေမှုကို ကြည့်ရှုအားပေးကာ တပ်ကုန်းကွင်းအတွင်း အင်ဂျန်းခချောင်း ပြန်လည်တူးဖော် ဆောင်ရွက်ထားရှိမှုနှင့် တောင်သူများအတွက် ငါးမျိုးစိုက်ထည့်ပေးထားမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်