Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၃/၂၀၂၂) သင်တန်းဆင်းပွဲတက်ရောက်

နေပြည်တော် စက်တင်ဘာ ၈

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၃/၂၀၂၂) ရဲဗလတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင် မြို့နယ်ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ထက်ထက်စိုး(၁)၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ရဲထက်အောင်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အေးအေးသင်း၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း စောချာလီနှင့် ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ထက်ထက်စိုး (၁) တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ သင်တန်းဆင်း ဒုတိယရဲအုပ်လောင်းများအနေဖြင့် တပ်ဖွဲ့အသီးသီးတွင် ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည့်အတွက် ခေါင်းဆောင်မှုအရည်အသွေးများကို ကောင်းစွာသိရှိနားလည်ပြီး အဆင့်ဆင့်ကွပ်ကဲ အုပ်ချုပ်မှုများကိုလည်း စည်းကမ်းတကျဖြင့် တိုးတက်အောင်မြင်အောင် ဦးဆောင်သွားကြရမည်ဖြစ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် မျက်မှောက်ခေတ်ကာလတွင် ပြည်သူများဘဝ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန် (၄) ရပ်ကို အလေးထားအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူနှင့်အတူ လက်တွဲပြီး ထိရောက်အောင်မြင်အောင် ကြိုးစား ဆောင်ရွက်နေရသလို နယ်စပ်ဒေသများတွင်ပါ လုံခြုံရေးကို ဆောင်ရွက်နေရခြင်းဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိရမည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ အမိန့် နာခံတတ်သည့်စိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အဓိကကျခြင်းကြောင့် ပြည်သူလူထုအတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပြီး ပြစ်မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းအစီအစဉ်များကိုချမှတ်ပြီး အခက်အခဲများနှင့် စိန်ခေါ်မှုများကိုရင်ဆိုင်ကာ မူးယစ်ဆေးဝါး ပပျောက်သည်အထိ တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်အရေးယူရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း မိမိတို့ရောက်ရှိ တာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့နယ်ပယ်တွင် လေ့ကျင့်သင်ကြား ပျိုးထောင်ပေးလိုက်သည့် ပညာရပ်များကိုအခြေခံပြီး လက်တွေ့ဘဝနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း (၁၂) ရပ်တွင် ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည် ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူလက်တွဲ၍ လက်ရှိနိုင်ငံတော်၏အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၃) ရဲဗလ တပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား ၂၀၄ ဦး၊ တပ်တွင်းဘွဲ့ရအမျိုးသမီး ၁၄၃ ဦး စုစုပေါင်း ၃၄၇ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။                  သတင်းစဉ်