Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းသား ကျောင်းသူများ ကိုယ်တိုင်တီထွင်ဖန်တီးထားသည့် ပရောဂျက်ပြခန်းများကို လိုက်လံကြည့်ရှု

မုံရွာ စက်တင်ဘာ ၇

အစဉ်အမြဲတိုးတက်နေသည့် နည်းပညာများကို အမီလိုက်နိုင်ရန်၊ မိမိတတ်သိထားသော ပညာရပ်များဖြင့် ဖန်တီးနိုင်သည့် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု ပရောဂျက်များ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အရည်အသွေးပြည့်ဝသော IT ပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ဆမအကြိမ် ပရောဂျက်ပြပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်က အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခ ချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ကမ္ဘာသည် IT နည်းပညာကို အသုံးချပြီးအသစ်၊ အသစ်သော နည်းပညာများအား အပြိုင်အဆိုင် ပြုလုပ်လျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် အစဉ်တစိုက် အားထုတ်ကြိုးပမ်းသွားကြရန်လိုအပ်ကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရန် စက်မှုလက်မှုလုပ်ငန်းများတွင် အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်များအား ပြုစုပျိုးထောင်ပေးရန် လိုအပ်သကဲ့သို့ အမြော်အမြင်ကြီးမားပြီး စိတ်ကောင်းနှလုံးကောင်းရှိသည့် နိုင်ငံသူနိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန်လိုအပ်လျက်ရှိကြောင်း၊ ကမ္ဘာ့အဆင့်အတန်းမီ ပညာရေးစနစ်ဖြစ်လာစေရန် သုတေသနလုပ်ငန်းများ၊ ဆန်းသစ်တီထွင်မှုများ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများအနေဖြင့် အလေးထားကြိုးစား သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်က ဆမအကြိမ်ပရောဂျက်ပြပွဲ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပါမောက္ခချုပ်ထံ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှကျောင်းသား ကျောင်းသူများကိုယ်တိုင် တီထွင်ဖန်တီးထားသည့် ပရောဂျက်ပြခန်း ၂၃ ခန်းတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 တိုင်းဒေသကြီး(ပြန်/ဆက်)