Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(CTD) သင်တန်းကျောင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၇

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(CTD) သင်တန်းကျောင်းသို့ သွားရောက်၍ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များကို အလုပ်အကိုင်အခွင့်လမ်းများ ရရှိစေရန်ရည်ရွယ်၍ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “The Establishment of Bakery & Pastry Training Project” အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံမုန့်ဖုတ်နည်း သင်တန်းအမှတ်စဉ်(၂)သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်နှင့် ရန်ကုန်ရုံးခွဲမှညွှန်ကြားရေးမှူး ဦးနန္ဒအောင်တို့က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် သင်တန်းများဖွင့်လှစ်ထားမှု၊ မဲခေါင်-လန်ချန်း စီမံကိန်းနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အခြေခံမုန့်ဖုတ်နည်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ယခုလ ၂၇ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲပြုလုပ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး သင်တန်းကျောင်း၏ စာသင်ခန်းမကြီးနှင့် ပြိုင်ပွဲဝင်များ၏ ဆုရဓာတ်ပုံများ၊ အခြေခံမုန့်ဖုတ်နည်း စာတွေ့သင်ကြားနေမှုနှင့် သင်တန်းသားသင်တန်းသူများ လက်တွေ့မုန့်ဖုတ်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

အခြေခံမုန့်ဖုတ်နည်း သင်တန်းအမှတ်စဉ်(၂) သင်တန်းကို ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မုန့်အမျိုးအစား ၄၈ မျိုးကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ရန်အတွက် အခြေခံမုန့်ဖုတ်နည်း စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို ပြည်တွင်းကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်ဝန်ကြီးသည် ကန်တော်ကြီးဟိုတယ်၌ ဖွင့်လှစ်ထားသော ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း သင်တန်းကျောင်းသို့ရောက်ရှိရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဟိုတယ်တာဝန်ရှိသူများက ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ သက်မွေးပညာ သင်တန်းများဖွင့်လှစ်သင်ကြားမှုနှင့် ဟိုတယ်နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်