ရန်ကုန် စက်တင်ဘာ ၇
စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပထမခြေစမ်းပွဲကို စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
ယင်းခြေစမ်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာရှင်းလင်း ပွဲခန်းမ၌ ကျင်းပသည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာက “နီပေါအသင်းနဲ့ကစားမယ့် ခြေစမ်းပွဲနှစ်ပွဲဟာ မြန်မာအသင်းအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒီပွဲပြီးရင် မကာအိုအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ ခြောက်လအတွင်းမှာ မြန်မာအသင်းဟာ တဖြည်းဖြည်းတိုးတက်လာပြီး ပိုကောင်းအောင် ကြိုးစားသွားမှာပါ။ ကျွန်တော့်လက်ထက်မှာ မြန်မာအသင်း ခြေစွမ်းတိုးတက်လာဖို့၊ နိုင်ပွဲတွေရရှိဖို့နဲ့ ကမ္ဘာ့အဆင့်ရပ်တည်ချက် ပြန်မြင့်တက်လာဖို့ ရည်မှန်းချက်ထား ပြုလုပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာလတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ပထမအဆင့် ခြေစစ်ပွဲအတွက်ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး နှစ်ပေါင်းအနည်းငယ်အကြာတွင် အိမ်ကွင်း၌ ခြေစမ်းပွဲပြန်လည်ကစားခြင်းဖြစ်သည်။
ခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်းတွင် အမာခံကစား သမားအများစုပါဝင်လာပြီး ပြည်ပကလပ်များတွင် ကစားနေသူ ၁၀ ဦးလည်း ရွေးချယ်ခံထားရသည်။ မြန်မာအသင်းနှင့် နီပေါအသင်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ခြေစမ်းပွဲကစားရာ မြန်မာအသင်းက သုံးဂိုး ပြတ်အနိုင်ရထားသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF