ကမ္ဘာပေါ်မှာအကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့အညီ ထုဆစ်ပူဇော်ကိုးကွယ်တည်ဆောက်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့အတူ ဘုရားကြီးပရိဝုဏ်အတွင်းရှိ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံတွေကိုတွေ့လိုက်ရတော့ တအံ့တဩဖြစ်ရသလို ဝမ်းသာလွန်းအားကြီးလို့လည်း မျက်ရည်တောင်လည်ရပါတယ်(ဒေါ်ကြည်ကြည်ဝင်း(ဗန်းမောက်မြို့))
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစ၍ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ စက်တင်ဘာ ၅ ရက်အထိ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထိုသို့ ဘုရားဖူးရောက်ရှိလာသော မြန်မာနိုင်ငံတစ်ဝန်းမှ မိဘပြည်သူများနှင့်တွေ့ဆုံပြီး ၎င်းတို့၏ ရင်တွင်းခံစားရသော စကားသံများ၊ သာဓုအနုမောဒနာခေါ်ဆိုသံများ၊ အနာဂတ်ဗုဒ္ဓသာသနာအတွက် မြော်တွေး၍ တက်ကြွသောစကားသံများကို နိဗ္ဗာန်အကျိုးမျှော်ကာနှိုးဆော်၍ ပြန်လည်ရေးသား မျှဝေလိုက်ရပါသည်။
ဦးဝင်းတင် (ဖြူးမြို့နယ်)
ကျွန်တော်ကတော့ ဖြူးမြို့နယ်အုတ်ဖြတ်ကျေးရွာအုပ်စု ရေဦးကျေးရွာကပါ။ မိသားစုလိုက် လာရောက်ဖူးမြော်တာပါ။ မနက် ၆ နာရီလောက်က ထွက်လာတာပါ။ ရုပ်မြင်သံကြားမှာလည်း ဖူးမြော်ရတယ်။ အွန်လိုင်းပေါ်မှာလည်း နာမည်ကြီးနေတာကို တွေ့မြင်နေရတယ်။ ပြီးတော့ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးတွေထဲမှာဆိုရင် ကမ္ဘာပေါ်မှာအကြီးဆုံးဆိုတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ရောက်အောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးဖူးမြော်တဲ့အခါမှာ နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ အခုလိုခမ်းနားဝင့်ထည် သပ္ပာယ်လှတဲ့ ဘုရားကြီးတစ်ဆူတည်ထား ကိုးကွယ်ဖို့အတွက် စက်အား၊ လူအား၊ ဝန်အား အစစအရာရာ နေရာစုံ ထောင့်စုံအောင် ဆောင်ရွက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒီအတွက်လည်း ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘုရားကြီး ကလည်း တိမ်တိုက်ထဲမှာ ကိန်းဝပ်စံပယ်နေသည့်အလား ကြည်ညိုစရာကောင်းပါတယ်။ ဂန္ဓကုဋိတိုက်တို့၊ နဂါးရုံတို့၊ ကျောက်စာရုံစေတီတို့မှာလည်း လေ့လာစရာမှတ်သားစရာတွေ အများကြီးကြည့်ရှုခွင့် ရခဲ့ပါတယ်။ ကျောက်စာရုံစေတီတွေမှာရှိတဲ့ ကျောက်စာတွေကိုတော့နောက်မှပဲ လာရောက်လေ့လာဦးမယ်။ အခုတော့ လှူဒါန်းထားသူတွေရဲ့ စာလေးတွေလိုက်ဖတ်ပြီး ကုသိုလ်ယူမေတ္တာပို့သပြီး သာဓုအနုမောဒနာ ခေါ်ခဲ့ပါတယ်။ ပြီးတော့ အချို့ပစ္စည်းကိရိယာတွေကို ဝင်ကြေးကောက်ခံတဲ့နေရာမှာ အလှူပေးတယ်လို့ပဲ သဘောထားစေချင်ပါတယ်။ သန်းနဲ့ သိန်းနဲ့သောင်းနဲ့ ချီပြီးလှူမှ အလှူမဟုတ်ပါဘူး။ ညောင်ပင်လောက် လှူသော်လည်း ညောင်စေ့လောက်ရချင်မှရမှာ၊ ညောင်စေ့လောက်လှူသော်လည်း ညောင်ပင်လောက် ရချင်ရတာဆိုတော့ ပုဗ္ဗ၊ မုဉ္စ၊ ပရစေတနာဆိုတဲ့ စေတနာ သုံးတန်ဦးထိပ်ပန် လှူဒါန်းမယ်ဆိုရင် ကုသိုလ်ထူး၊ ကုသိုလ်မြတ်ရကြမှာဖြစ်ပါတယ်။
ဒေါ်ဆွေသန္တာသွင် (ဇမ္ဗူသီရိမြို့နယ် အထက-၁၁)
ကျွန်မကတော့ ဇမ္ဗူသီရိမြို့နယ် အထက(၁၁)က ဆရာမဖြစ်ပါတယ်။ အခုလို လာရောက်ဖူးမြော်ရတဲ့အတွက် ကျောင်းသား ကျောင်းသူတွေကို ကုသိုလ်လည်းရစေချင်သလို ဗဟုသုတလည်း ရစေချင်ပါတယ်။ ရကြမယ်လို့လည်းထင်ပါတယ်။ ကျွန်မကတော့ ဖွင့်ပွဲမတိုင်ခင်က တစ်ခေါက်တော့ရောက်ဖြစ်တယ်။ ဖွင့်ပွဲပြီးမှဆိုရင်တော့ အခုတစ်ခေါက်က ပထမဆုံးလာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ အခု လာရောက် ဖူးမြော်တာကတော့ ကျောင်းသား ကျောင်းသူ ၉၀ ကျော်ပါတယ်။ ကျောင်းသား ကျောင်းသူတွေနဲ့ လာရောက်ဖူးမြော်ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာရပါတယ်။ ဘုရားကြီးကို အခုလိုဖူးမြော်ရတဲ့အတွက် ရင်ထဲမှာပျော်ရွှင်မိသလို အင်မတန်မှလည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ဘုရားကြီးကသပ္ပာယ်ပြီး ကြည်ညိုစရာလည်းကောင်းပါတယ်။ ကျောက်စာရုံစေတီတွေမှာရှိတဲ့ ကျောက်စာတွေကို ရိုမန်နဲ့ပါဠိနှစ်ဘာသာနဲ့ ထွင်းထုထားတာတွေ့ရတယ်။ ပါဠိဘာသာနဲ့ ရေးထွင်းထားတာကိုတော့ ကိုယ်သိသလောက်၊ တတ်သလောက် လေ့လာဖတ်ရှုဖြစ်ပါတယ်။ အခုလို ပိဋကတ်တော်တွေကို ကျောက်စာချပ်တွေနဲ့ ထွင်းထုထားရှိခြင်းဟာလည်း အခုပစ္စုပ္ပန်ရော နောင်အနာဂတ်အတွက်ပါ ကောင်းမွန်တဲ့အရာတစ်ခုလို့ပဲ မြင်ပါတယ်။ အဝင်မုခ်ဦးမှာဆိုရင် အခကြေးငွေနဲ့ ပေးဆောင်ရတဲ့ အချို့အရာတွေရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ဆိုရင် ဘုရားကြီးရဲ့ ပရိဝုဏ်အတွင်းရှိ နေရာစုံ၊ ထောင့်စုံမှာ ဝေယျာဝစ္စလုပ်ဆောင်ပေးကြတဲ့ ဝန်ထမ်းတွေရှိတယ်။ ပြီးတော့ သာသနိကအဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းခွင့် ရတယ်လို့ပဲမြင်ပါတယ်။ ဒီအတွက် ကုသိုလ်လည်း အများကြီးရကြမယ်လို့ ထင်ပါတယ်။ လူဝင်ကြေး အခမဲ့ဖြစ်တာကိုပဲ ကျေနပ်မိပါတယ်။
ဦးသက်နိုင် (မင်္ဂလာဒုံမြို့နယ်)
ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ကပါ။ သူငယ်ချင်းတွေနဲ့စုပြီး လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကို ဖူးမြော်ချင်တဲ့စိတ်ကတော့ ဘုရားကြီးစတည်ကတည်းကပါ။ အခုမှပဲ လာရောက်ဖူးမြော်ဖြစ်တော့တယ်။ ကိုယ်တိုင်ကိုယ်ကျလာရောက်ဖူးမြော်ရတဲ့အခါ ဘုရားကြီးရဲ့ ကြီးကျယ်ခမ်းနားမှုက တကယ့်ကိုအံ့မခန်းပါပဲ။ ပြီးတော့စိတ်ကြည်နူးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်မှာပါ အကြီးဆုံးဆိုတော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဝမ်းလည်းဝမ်းသာတယ်၊ ဂုဏ်လည်းယူမိပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း အဆင်ပြေချောမွေ့ပါတယ်။ ကားကိုတော့ ဘုရားကြီးပရိဝုဏ်ရဲ့အပြင် မှာပဲထားခဲ့ပါတယ်။ အထဲကိုဝင်ရင်တော့ ဝင်ကြေးကောက်ခံတာရှိတယ်။ အဲဒီတော့ အပြင်မှာထားပြီး လမ်းပဲလျှောက်လာလိုက်တယ်။ နီးနီးလေးပါပဲ။ အခြားနေရာတွေကိုတော့ မလေ့လာ၊ မဖူးမြော်ရသေးဘူး။ ညနေပိုင်းမှ တစ်ခေါက်လာရောက်ဖူးမြော်ဦးမှာပါ။ အဲဒီအခါကျမှ အားလုံးလေ့လာတော့မယ်။
ဒေါ်ကြည်ကြည်ဝင်း (ဗန်းမောက်မြို့)
ကျွန်မကတော့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ကပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင်လက်တွေ့ ဖူးမြော်ချင်တယ်။ ဒီလောက်ဆန်းကြယ်ခမ်းနားလှတဲ့ ဘုရားကြီးကို သိလည်းသိမြင်လည်းမြင်တွေ့ချင်၊ ဖူးလည်းဖူးမြော်ချင်တဲ့အတွက် အရောက်လာခဲ့ရခြင်းဖြစ်ပါတယ်။ ဘုရားကြီးကို ဖူးမြော်ပြီးတဲ့အခါမှာလည်း ဝမ်းလည်းသာတယ်၊ ကျေလည်းကျေနပ်တယ်၊ ဝမ်းသာပီတိကတော့ ပြောမပြတတ်အောင်ပါပဲ။ အမှန်အတိုင်း ပြောရရင် ကိုယ့်နိုင်ငံက အသိပညာရှင်၊ အတတ်ပညာရှင်တွေ စုပေါင်းကာ ကိုယ့်နိုင်ငံမှာရှိတဲ့ စကျင်ကျောက်ကြီးကို ခဲရာခဲဆစ် တူးဖော်၊ သယ်ယူပြီး ကမ္ဘာပေါ်မှာအကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့အညီ ထုဆစ်ပူဇော် ကိုးကွယ်တည်ဆောက်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့အတူ ဘုရားကြီးပရိဝုဏ်အတွင်းရှိ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံတွေကို တွေ့လိုက်ရတော့ တအံ့တဩဖြစ်ရသလို ဝမ်းသာလွန်းအားကြီးလို့လည်း မျက်ရည်တောင်လည်ရပါတယ်။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေအတွက်လည်း ဂုဏ်ယူမိပါတယ်။
ဒေါ်နန်းညိုမီခိုင် (ဖာပွန်မြို့)
ကျွန်မကတော့ ကရင်ပြည်နယ် ဖာပွန်မြို့ကနေ လာရောက်ဖူးမြော်တာပါ။ ဒါကတော့ ဒုတိယအကြိမ် လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ ဘုရားကြီးကသပ္ပာယ်ပြီး ကြည်ညိုစရာကောင်းပါတယ်။ ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်တဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ကိုယ့်နိုင်ငံထဲမှာရှိနေတာကိုက ကျွန်မတို့အနေနဲ့ ဂုဏ်ယူမဆုံး၊ ပျော်လို့မဆုံး၊ ဝမ်းသာလို့မဆုံးဖြစ်ရပါတယ်။ ကိုယ့်နိုင်ငံက ဗုဒ္ဓဘာသာအများဆုံး ကိုးကွယ်တဲ့နိုင်ငံဆိုတော့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဘုရားကြီး ကိုယ့်နိုင်ငံမှာရှိနေတဲ့အတွက် မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပနေမှုကို မြန်မာနိုင်ငံမှာသာမက ကမ္ဘာကပါ အသိအမှတ်ပြုရပြီလည်းဖြစ်တယ်။ ဘုရားကြီးရဲ့ ပရိဝုဏ်အတွင်းမှာရှိတဲ့ ဗိသုကာလက်ရာတွေကလည်း တကယ့်ကိုအံ့မခန်းပါပဲ။ ဒီမှာတော့ ပန်းဆယ်မျိုးလက်ရာတွေကို နေရာတိုင်းလိုလို တွေ့မြင်၊ လေ့လာခွင့်ရပါတယ်။ ဘုရားကြီးကို ဖြစ်မြောက်အောင် ကိုးကွယ်တည်ဆောက်ပေးကြတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်အားလုံးနဲ့ အဘက်ဘက်မှ ဝိုင်းဝန်းကူညီ လှူဒါန်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဒေါ်နိုင်နိုင်လွင် (ရန်ကုန်မြို့)
ကျွန်မကရန်ကုန်မြို့ကပါ။ ကျွန်မတို့မိသားစု မြန်မာနိုင်ငံမှာရှိတဲ့ အထင်ကရဘုရားတွေကို လှည့်လည်ဖူးမြော်နေတာပါ။ အခုလည်း ပုဂံကဘုရားတွေဖူးပြီး မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ ဒီဘုရားကြီးမှာ ထူးခြားတာကတော့ အဆောက်အအုံတွေကို စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ထားတာ၊ အခင်းတွေကိုလည်း စကျင်ကျောက်တွေနဲ့ ခင်းထားတဲ့အတွက် သွားလေရာ၊ လာလေရာမှာ အေးချမ်းနေတယ်လို့ ခံစားရပါတယ်။ အခုလိုမျိုး ထူးထူးခြားခြား ရုပ်ပွားတော်ကြီး၊ ဆင်းတုတော်ကြီးတွေကို မဖူးဖူးပါဘူး။ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဘုရားကြီးဖူးမြော်ရတာ ပီတိလည်းဖြစ်ရတယ်၊ ဝမ်းလည်းသာရတယ်၊ ကြည်ညိုစရာလည်း ကောင်းပါတယ်။ ကျွန်မအနေနဲ့ ဘုရားကြီးကိုဖူးမြော်ခွင့်ရတာကိုပဲ အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်လို့ ထပ်လောင်းပြောပါရစေ။
တွေ့ဆုံမေးမြန်း - အလင်းသစ်၊ သန်းတင်အောင်
ဓာတ်ပုံ - နေမျိုး