နေပြည်တော် စက်တင်ဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မျိုးသန့်မျိုးပွားခြံများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှမ်းပြည်နယ်တောင်ကြီးမြို့နယ် တာယောမျိုးသန့်ခြံ၏ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်ခြံများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးနှင့် အထွက်ကောင်းမျိုးစေ့များပွားများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် တောင်သူအကြိုက်မျိုးများဖြစ်ရန်လည်း လိုအပ်ကြောင်း၊ မျိုးစေ့ဖြန့်ဖြူးရာတွင်လည်း ခရိုင်ဧရိယာ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဧရိယာစသဖြင့် မျိုးစေ့ထုတ်ခြံ၏ ထုတ်လုပ်နိုင်စွမ်းအပေါ်မူတည်၍ မျိုးစေ့ဖြန့်ဖြူးမည့် နယ်မြေသတ်မှတ်ပြီး လျာထားဧရိယာပြည့် ဖြန့်ဖြူးပေးနိုင်ရေး စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာအနီးရှိ တာယောမျိုးသန့်ခြံသည် ရှမ်းပြည်နယ် ရေမြေရာသီဥတုနှင့်ကိုက်ညီ၍ တောင်သူစိတ်ကြိုက်မျိုးများဖြစ်သော ရွှေရင်အေး၊ ဘာစမာတီစပါးမျိုးများနှင့် ရေဆင်း-၁ စပ်မျိုးနေကြာမျိုးများကို ထုတ်လုပ်ပေးလျက်ရှိပြီး လာမည့်ဆောင်းသီးနှံတွင် ရေဆင်း-၁ စပ်မျိုးနေကြာနှင့် ကုလားပဲမျိုးများ မျိုးသန့်မျိုးပွား ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကာ၊ အလားတူ ခေတ်မီစိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်ပြန့်ပွားရေးအတွက် သီးနှံသရုပ်ပြပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ မွေးမြူရေးအသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ(သဖန်း)တွင် ဆောင်ရွက်လျက်ရှိသော ဆိတ်နှင့် သိုးမျိုးပွားသားပေါက်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသနေပြည်သူများ အလုပ်အကိုင်နှင့်ဝင်ငွေရရှိရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြား၍ မွေးမြူရေးအသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ (သဖန်း)အတွင်း ဆောင်ရွက်လျက်ရှိသော ဆိတ်နှင့်သိုးမျိုးပွား၊ သားဖောက်လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းသုံးရေရရှိရေး ဆောင်ရွက်ထားရှိမှု၊ နွားမွေးမြူရေး သုတေသနနှင့် မျိုးသန့်မျိုးပွားလုပ်ငန်း တိုးချဲ့ဆောင်ရွက်မည့်စီမံကိန်းမြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် ချောင်းမကြီး မျိုးသန့်ခြံ၊ ရမည်းသင်းမြို့နယ် စီပင်ခြံနှင့် ရွှေဒါးခြံတို့တွင် ဆောင်ရွက်လျက်ရှိသည့် နေကြာသီးနှံနှင့် ဝါသီးနှံမျိုးသန့်မျိုးပွားလုပ်ငန်း ဆောင်ရွက်နေမှု၊ ဥဇဘက်ကစ္စတန် ဝါမျိုးများစမ်းသပ်စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ လက်ရှိစိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူ့လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေး၍ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ မျိုးစေ့နှင့် နည်းပညာရရှိရေးအတွက် သက်ဆိုင်ရာဦးစီးဌာနများက ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေနှင့် တောင်သူများဘက်က ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်