နေပြည်တော် စက်တင်ဘာ ၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၌ ယနေ့တွင်လည်း ပြည်တွင်း/ပြည်ပ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ထိုသို့ ပြည်တွင်း/ပြည်ပ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူး ရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့်ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းများဆောင်ရွက်၍ ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းသံဃာများ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရွှင်လန်းစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး သံဃာတော်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေးလွယ်ကူစေရန်အတွက် Buggy များဖြင့် စနစ်တကျပို့ဆောင်ပေးသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသူများကို အခမဲ့ဖူးမြော်ခွင့်ပေးထားပြီး ယနေ့မှစ၍ ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ချိန်တွင် ကင်မရပါသည့်ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာ ရိုက်ကူးခြင်းများကို ထိုက်သင့်သည့်နှုန်းထားဖြင့် အခကြေးငွေကောက်ခံကာ ယူဆောင်ခွင့်ပြုထားရှိကြောင်း၊ ဘုရားကြီးဝင်းအတွင်းရှိ ယာဉ်ရပ်နားရန်နေရာတွင် ဝင်ရောက်ရပ်နားမည့် ကိုယ်ပိုင်ယာဉ်ငယ်များ၏ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများဖြင့် ဝင်ရောက်ခွင့်ပြုပေးထားရှိကြောင်းနှင့် ဘုရားကြီးကို နေ့စဉ်နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။