နေပြည်တော် စက်တင်ဘာ ၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်း(၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးဦးရဲတင့်က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်စသည့် အဓိကလုပ်ငန်း တာဝန်ကြီးသုံးရပ်ကို ခေတ်မီသစ်လွင်သော အစီအစဉ်များဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်နေကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် ဒုတိယဦးစီးမှူးများအား ဦးစီးဌာန၏ မူဝါဒနှင့် အခန်းကဏ္ဍ၊ ရည်မှန်းချက်တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်သုံးမည့် ဥပဒေ၊ နည်းဥပဒေ များ၊ ကျင့်ဝတ်များနှင့် ဒုတိယဦးစီးမှူးများ၏ လုပ်ငန်းတာဝန်များကို သိရှိလိုက်နာပြီး ဌာန၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် လုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို စတင်သင်ကြားရခြင်းဖြစ်သော်လည်း လက်တွေ့လုပ်ငန်းတွင် အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းဘာသာရပ်များဖြစ်၍ ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူပြီး မိမိတို့၏ တစ်ဦးချင်း စွမ်းဆောင်ရည်များ တိုးတက်လာစေရေးအတွက် လုပ်ငန်းတာဝန်များ ထမ်းဆောင်မှုနှင့်အတူ စဉ်ဆက်မပြတ် လေ့လာကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များသာမက ပိုမိုကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ၍ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ ရည်မှန်းချက်တာဝန်များ အောင်မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းများကို တိကျစွာလိုက်နာကြပြီး သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ အောင်မြင်အောင် ကြိုးစားသင်ယူကြ၍ လက်တွေ့လုပ်ငန်းများတွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ယခုဖွင့်လှစ်သည့် လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်းကို စက်တင်ဘာ ၄ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ပြီး သင်တန်းသား သင်တန်းသူ ၂၇ ဦး တက်ရောက်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြများက ဦးစီးဌာန၏ မူဝါဒနှင့်အခန်းကဏ္ဍ၊ ရည်မှန်းချက်တာဝန်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ ငွေစာရင်းထိန်းသိမ်းနည်း၊ စာကြည့်တိုက်လုပ်ငန်းများ စီမံခန့်ခွဲရေး၊ Digital Library Management System (DLMS) အသုံးပြုနည်း၊ သတင်းအမှန်များကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရေး လျင်မြန်စွာ ထုတ်ပြန်နိုင်စေရန်နှင့် မီဒီယာကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် သတင်းအပြန်အလှန်စီးဆင်းရေး၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု(MIL)၊ လူမှုမီဒီယာ (Social Media) သိကောင်းစရာများ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ သတင်း မီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)