Skip to main content

ပြည်ပနိုင်ငံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နည်းပညာနှင့် ဥပဒေဆိုင်ရာ အကူအညီ၊ အထောက်အပံ့များရရှိရန် ဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၃

ပြည်ပနိုင်ငံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နည်းပညာနှင့်ဥပဒေဆိုင်ရာအကူအညီ၊ အထောက်အပံ့များရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ကျင်းပသည့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနကို အဘက်ဘက်ကတိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ရုရှားနိုင်ငံ တရားရေးဝန်ကြီးဌာနနှင့်လည်း နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံဥပဒေရေးရာ သုတေသနစင်တာတို့အကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေး သုတေသနစီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း။

ထို့အတူ အာဆီယံနှင့်သက်ဆိုင်သောကိစ္စများ၊ အပြည်ပြည်ဆိုင်ရာဥပဒေကိစ္စများ၊ ကွန်ဗင်းရှင်းများ စသည်တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများကို အကြံဉာဏ်ပေးလျက်ရှိပြီး ICJ ကိစ္စရပ်များ တွင် ပါဝင်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဥပဒေပညာရှင်များ အသင်းဝင်ဖြစ်ပြီး (ASEAN LAW Association-ALA) အာဆီယံဥပဒေပညာရှင်များအသင်း (မြန်မာ) တွင် ဥက္ကဋ္ဌအဖြစ် မိမိကဆောင်ရွက်လျက် တရားရေးအရာရှိများ၊ ဥပဒေအရာရှိများ၊ ရှေ့နေများနှင့် တက္ကသိုလ်ဥပဒေပညာ ဌာနများမှ ပါမောက္ခများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် (၁၂) ကြိမ်မြောက် အာဆီယံ ဥပဒေဝန်ကြီးများအစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးများကို လက်ခံကျင်းပပေးရန်ရှိကြောင်း။

ဥပဒေပြုရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူကျင့်သုံးလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း ဥပဒေ ၆၃ ခု၊ ၂၀၂၂ ခုနှစ်အတွင်း ဥပဒေအခု ၄၀၊ ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက်အထိ ဥပဒေ ၅၃ ခု ပြဋ္ဌာန်းခဲ့ရာ ယနေ့ထိ ဥပဒေစုစုပေါင်း ၁၅၆ ခု ပြဋ္ဌာန်း ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ပြဋ္ဌာန်းလိုသော ဥပဒေများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြကြ ရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေမူကြမ်းများကို စိစစ်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် လမ်းညွှန် ချက် (၆) ချက်နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေချုပ်ရုံးများက ဆောင်ရွက်ရန်လိုကြောင်း။

ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများသည် အမှုလိုက်ပါဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိရန်၊ လိုအပ်သလို အမှုခိုင်မာအောင် စစ်ဆေးတတ်ရန်လည်း အရေးကြီးကြောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ အသစ်ပြဋ္ဌာန်းသည့် ဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ ဖျက်သိမ်းသည့် ဥပဒေများကိုလည်း မျက်ခြည်မပြတ် လေ့လာရန်လိုအပ်ကြောင်း၊ တရားစွဲမတင်မီ ဥပဒေအကြံပေးရာတွင် ဥပဒေအကြံပြုခြင်းအတွက် ဤရုံး၏ ညွှန်ကြားစာများကို သက်ဆိုင်ရာဥပဒေရုံးအဆင့်ဆင့်က လိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) အရ ရှေ့ပြေးဥပဒေရုံးများတွင် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း။

ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များအား “နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း (Legal Advocacy Training)”ကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယခုအခါ အမှတ်စဉ် (၃) အထိ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ဝန်ကြီးဌာန အသီးသီး မှ နိုင်ငံ့ဝန်ထမ်းအကြီးအမှူး ၉၈ ဦးကို ဥပဒေအသိပညာပြန့်ပွားရေး အသိအမှတ်ပြုလက်မှတ် (Certificate of Legal Advocacy)ကို ချီးမြှင့်ပေး နိုင်ခဲ့ကြောင်း၊ အဆိုပါသင်တန်းမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးအားလုံး ဥပဒေအသိပညာ အခြေခံသိရှိနားလည်တတ်မြောက်ပြီးဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း။

ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေပညာသင်တန်းကျောင်း (Legal Advocacy Center) ဖွင့်လှစ် နိုင်ရေးကို ဆောင်ရွက်လျက်ရှိရာ အဆောက်အအုံ ပြီးစီးပါက ဥပဒေပညာသင်တန်းကျောင်း အသင့် ဖွင့်လှစ်နိုင်ရေးအတွက် ဥပဒေပညာသင်တန်းကျောင်း တည်မြဲအမိန့် (Standing Order for Legal Advocacy Center) နှင့် ဥပဒေပညာသင်တန်းကျောင်း လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စံသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများ (Standard Operating Procedure for Legal Advocacy Center) တို့ကို မူကြမ်းရေးဆွဲပြီးဖြစ်ကြောင်း။

သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသနလုပ်ငန်းအဖွဲ့ကို ပြည်တွင်းပြည်ပမှ မဟာဥပဒေဘွဲ့၊ ဥပဒေပါရဂူဘွဲ့ရရှိထားသူများ၊ သုတေသနလုပ်ငန်းကို စိတ်ဝင်စားသူများနှင့် ဖွဲ့စည်းထားရှိဆောင်ရွက်လျက်ရှိပြီး သုတေသနအဖွဲ့များ၏ ဥပဒေသုတေသန စာတမ်းဖတ်ပွဲများကိုလည်း လစဉ်ကျင်းပပေးလျက်ရှိကြောင်း ပြောကြား သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များက မိမိတို့သက်ဆိုင်ရာလုပ်ငန်းများအလိုက် တင်ပြဆွေးနွေးကြသည်။

သတင်းစဉ်