နေပြည်တော် စက်တင်ဘာ ၃
နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသော နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့တွင် ပြည်ထောင်ကိုးကျေးရွာအုပ်စု ပြဒါးချောင်းကျေးရွာသို့ ရောက်ရှိကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြ သည်။
ဦးစွာ ဗိုလ်မှူးကြီးမင်းနောင်သည် ပြဒါးချောင်းကျေးရွာ ရွာဦးကျောင်း၌ ခရီးစဉ်တွင်လိုက်ပါ လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့်အခြေအနေများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာများနှင့် အခြေခံပညာကျောင်း များကို အခြေခံစားသောက်ကုန် ပစ္စည်းများထောက်ပံ့ပေးအပ်မည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။
လိုအပ်သည်များ ဆောင်ရွက်ပေး
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြဒါးချောင်းကျေးရွာအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ကြရာ နေပြည်တော်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးက ပျဉ်းမနားတောင်ပေါ်ဒေသရှိ အခြေခံပညာကျောင်းများမှ ဆရာဆရာမများအားတွေ့ဆုံ၍ စာပေသင်ကြားလျက်ရှိသည့် အခြေအနေများကို မေးမြန်းပြီးလိုအပ်သည်များဆောင်ရွက်ပေးခြင်း၊ နေပြည်တော် ကုသရေးဦးစီးဌာနမှနယ် လှည့်ဆေးကုသရေးအဖွဲ့သည် ပြဒါးချောင်းကျေးလက်ကျန်း မာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေး သည်။
အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်ကိုးကျေးရွာအုပ်စုရှိ ကျေးရွာသူကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ဆောင်ရွက်ပေးခြင်း၊ နေပြည်တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက ကျေးရွာအုပ်စုများအတွင်း လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိစေရေးဓာတ်အားလိုင်း များလိုက်လံစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။
သတင်းစဉ်