တွေ့ဆုံမေးမြန်း-ငုရွှေဝါ၊ ဓာတ်ပုံ- ယော်ဆောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် စီးပွားရေးကဏ္ဍ၌ပါဝင်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ ကချင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက်လုပ်ငန်းများ ဟန်ချက်ညီညီဆောင်ရွက်လျက်ရှိသည်။
ကချင်ပြည်နယ်တွင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၃ခုနှစ် ဇူလိုင်လအထိ ထုတ်လုပ်မှုလုပ်ငန်း ၄၇၆ ခု၊ ရောင်းဝယ်မှုလုပ်ငန်း ၂၃၈ ခု၊ ဝန်ဆောင်မှုလုပ်ငန်း ၁၀၅ ခု၊ အခြားလုပ်ငန်း ၄၅ ခု စုစုပေါင်း ၈၆၄ ခုကို SME Member Card များ ထုတ်ပေးထားကြောင်း ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ ပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME အေဂျင်စီကိုလည်း ဖွဲ့စည်းကာ စနစ်တကျကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်ဖွံ့ဖြိုးတက်ရေးအတွက်အရေးပါသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်ကာ ကချင်ပြည်နယ်တွင်လည်း ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအနက် ဒေသအတွင်းထွက်ရှိသည့် သဘာဝပယင်းကျောက်များမှ ရရှိသော အဆီအနှစ်များကို သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ မူပိုင်ခွင့်နည်းပညာတို့နှင့် စနစ်တကျစီမံပေါင်းစပ် လုပ်ကိုင်လျက်ရှိသည့် မြစ်ကြီးနားမြို့ရှိ “ရွှေအုပ်ဆောင်း” လူသုံးကုန်၊ ကျန်းမာရေးနှင့်အလှအပဆိုင်ရာ ထုတ်ကုန်လုပ်ငန်းကို သွားရောက်တွေ့ဆုံမေးမြန်း မှုအား ပြန်လည်မျှဝေဖော်ပြလိုပါသည်။
ရောင်းအားကောင်းထုတ်ကုန်များ
“ရွှေအုပ်ဆောင်း” လူသုံးကုန်၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ထုတ်ကုန်လုပ်ငန်းကို ပယင်းနှင့်ကျောက်မျက်ရတနာ အရောင်းဆိုင်လုပ်ငန်းမှ စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ဈေးကွက်မှတစ်ဆင့် ပယင်းသုံးစွဲသူများ၏ အားပေးတိုက်တွန်းမှုများကြောင့်လည်းကောင်း၊ ကိုယ်တိုင်အသုံးပြုရာမှ ကျန်းမာရေးအတွက်အကျိုးရှိခြင်းကို တွေ့ရှိရခြင်းကြောင့် လည်းကောင်း ပယင်းခေါင်းအုံးများ စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး ကျန်းမာရေးအထောက် အကူပြု ဆက်စပ်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပယင်းရှူလိမ်းဆေးနှင့် ဒဏ်ကျေလိမ်းဆေးဆီသည် ပစ္စည်းလက်ကျန် မရှိသည်အထိ ရောင်းချနိုင်ခဲ့ကြောင်း လည်းသိရသည်။
ထို့အပြင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ပယင်းမျက်နှာသစ်ဆပ်ပြာ၊ ပယင်းခေါင်းလျှော်ရည်၊ ပယင်းသနပ်ခါး၊ ပယင်းမျက်နှာလိမ်းခရင်မ်စသည်တို့ကိုလည်း ပယင်းအဆီအနှစ်များဖြင့် ထုတ်လုပ်နေကြောင်း သိခွင့်ရခဲ့သည်။ ထိုသို့ ထုတ်ကုန်များဆောင်ရွက်ရာတွင် ပယင်းအချောထည်များမှ အဆီအနှစ်ထုတ်ယူခြင်းမျိုးမဟုတ်ဘဲ ပယင်းကိုသွေးရာမှ ထွက်ရှိလာသော စွန့်ပစ်ရမည့် (အကြေစ) များကို အသုံးဝင်ပစ္စည်းဖြစ်အောင် ပြန်လည်အသုံးပြုနိုင်ခြင်းဖြင့် တန်ဖိုးရှိသောရတနာမှ လူသားတို့အတွက် ပိုမိုအသုံးတည့်သည့် အရာဖြစ်အောင် ပိုမိုစွမ်းဆောင်နိုင်ပြီး ထုတ်ကုန်လုပ်ငန်းတစ်ခု ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်။
ပယင်း၏ဂုဏ်သတ္တိ
ထို့အတူ ကျန်းမာရေးအနေဖြင့် ပယင်းတွင်ပါဝင်သော Succinic Acid သည် ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဖြစ်စဉ်အတွက် လှုံ့ဆော်မှုပေးနိုင်သည့် ဂုဏ်သတ္တိရှိပြီး ပျက်စီးနေသောဆဲလ်များကို ပြုပြင်ပေးခြင်း၊ သွေးလည်ပတ်မှု အားကောင်းစေခြင်းတို့ကြောင့် အသက်အရွယ်ကြီးရင့်မှုကို ကာကွယ်နိုင်စွမ်း ရှိကြောင်းလည်း သိရသည်။
ရွှေအုပ်ဆောင်း ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ထုတ်ကုန်ပစ္စည်းများကို ပယင်းအမှုန့်ဖြင့်ထုတ်လုပ်ခြင်း မဟုတ်ဘဲ ပယင်းအဆီ ၁၀၀ ရာခိုင်နှုန်းဖြင့် ထုတ်လုပ်ခြင်းဖြစ်ကာ အဆင့်တစ်ခုစီတိုင်း စနစ်တကျ ထုတ်လုပ်ရောင်းချ လျက်ရှိသည်။ ပြည်တွင်းဈေးကွက် အတွင်း ရောင်းချမှုများနှင့်ပတ်သက်၍ ဆန်းသစ်သော ထုတ်ကုန်ဖြစ်သည်နှင့်အညီ ထုပ်ပိုးမှုမှအစကုန်ပစ္စည်းအရည်အသွေးကို စံချိန်စံညွှန်းများဖြင့် ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် ဈေးကွက်ဝင် မျက်နှာပန်းလှလျက်ရှိကြောင်း၊ တိုင်းရင်းဆေးမှတ်ပုံတင်ပြီး ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှပဆိုင်ရာပစ္စည်းများ စုစုပေါင်းထုတ်ကုန် ပစ္စည်း ၁၈ မျိုးအထိရှိကြောင်း Founder ဖြစ်သူ ကချင်ပြည်နယ် MSME အသင်းဝင် ဒေါ်မိုးနီနီလွင်က ပြောကြားသည်။
နည်းပညာအကူအညီရယူ
ပယင်းမှတစ်ဆင့် ဆန်းသစ်သောထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေးအတွက် သုတေသနနှင့်တီထွင်ဆန်းသစ် မှုဦးစီးဌာနမှ ၂၀၁၇ ခုနှစ်တွင်နည်းပညာအကူအညီ စတင်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် Reflux Extraction ပယင်းမှအဆီထုတ်လုပ်မှုလုပ်ငန်း စတင် အောင်မြင်လာခဲ့သည်။ ရွှေအုပ်ဆောင်းလုပ်ငန်းမှထွက်ရှိသည့် ထုတ်ကုန်များသည် ကချင်ပြည်နယ်သာမက နိုင်ငံတော်အဆင့် ပြပွဲများတွင်လည်း ပါဝင်ပြသနိုင်ခဲ့ပြီး နိုင်ငံတော်အဆင့် MSME ထုတ်ကုန်ဆု ရရှိခဲ့သည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တက်ဟုန်းခရိုင်၌ ကျင်းပသော China-Myanmar Innovation and Entrepreneurship Competition ပြိုင်ပွဲတွင်လည်း ဆုများရရှိသည်အထိ အောင်မြင်မှုရရှိနေသော ထုတ်ကုန်လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။
ထို့အပြင် ပြည်နယ်အတွင်း လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်လှူဒါန်းလျက်ရှိရာ အထူးသဖြင့်သက်ကြီးဘိုးဘွားများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ၊ မျက်မမြင်ကျောင်းများ၊ အားကစားကဏ္ဍတိုးတက်မြင့်မားရေး စသည်တို့တွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လှူဒါန်းခြင်း၊ လေ့လာရေး အဖွဲ့များအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာများ မျှဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
နိုင်ငံတော်က ဦးတည်ချက်များ ချမှတ်ကာ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှုများအပေါ် တစ်ပိုင်တစ်နိုင်လုပ်ငန်းမှ လုပ်ငန်းသစ်များ ထူထောင်ဆောင်ရွက်ကြမည့် နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် MSME အသင်းဝင်များဖြစ်အောင် ဆောင်ရွက်ပြီး နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် လုပ်ငန်းတူသူအချင်းချင်း ပူးပေါင်းဆောင်ရွက်လျှင်နိုင်ငံအတွင်း MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံ့စီးပွားကဏ္ဍကို မြှင့်တင်ရာရောက်ကြောင်း၊ စည်းလုံးညီညွတ်စွာအောင်မြင်အောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် ပြည်ပပို့ကုန်ကဏ္ဍ တိုးမြှင့်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း အဆိုပါရွှေအုပ်ဆောင်း ကျန်းမာရေးနှင့်အလှအပဆိုင်ရာပစ္စည်း ထုတ်ကုန်လုပ်ငန်းပိုင်ရှင်က ၎င်း၏ခံယူ ချက်နှင့် ဆောင်ရွက်မှုကိုဆက်လက် ပြောပြသည်။
ကချင်ပြည်နယ်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစနစ် တကျဆောင်ရွက်နေသည့် လုပ်ငန်းများအနက်မှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစေမည့် လုပ်ငန်းများ အောင်မြင်အောင် ကြိုးစားဆောင်ရွက်နေသော ရွှေအုပ်ဆောင်းကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပယင်းထုတ်ကုန်လုပ်ငန်း အကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။