Skip to main content

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့၊ ရွာများ၊ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများ၌ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ  ၂

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံး ချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်း သာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင် ရွက်ကြရမည်ဖြစ်ပါသည်။

ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့် အတူနိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူအားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင် လည်းမိမိတို့၏ မြို့၊ ရွာဒေသများသန့်ရှင်း သာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက် ရှိသည့်အပြင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးရှိ အခြေခံပညာ‌ကျောင်းများ၌ ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ဝါတွင်းကာလအတွင်း ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးမြော်နိုင်ရေးနှင့် တရားဘာဝနာများ အားထုတ်နိုင်ရေးတို့အတွက် ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကေင်စီနယ်မြေအတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇) မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ လင်းခေးမြို့နယ်နှင့် ကွန်ဟိန်းမြို့နယ် တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ် တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၅)မြို့နယ်တို့၌လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၇) မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တို့၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမြို့နယ်၌ လည်းကောင်း၊ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ စည်ပင်သာယာ ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးကြသည်။

ထို့အပြင် မန္တလေးမြို့ပေါ်ရှိတာဝန်သိလူငယ်၊ လူရွယ်များစုစည်း၍ “မြို့ရွာ  သန့်ရှင်းရောဂါကင်း၊ စုပေါင်းအမှိုက်ရှင်း စာသားတံဆိပ်ပါ တူညီဝတ်စုံများ ဝတ်ဆင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မဟာအောင် မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အဘယာရာမရွှေဂူ ကျောင်းတိုက်ဝန်းအတွင်းနှင့် ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲရပ်ကွက်၊ အေးမြမြိုင်ဘုန်းကြီး ကျောင်းဝန်းအတွင်း/အပြင်တို့၌ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ သက်သာချောင်ချိ မှုရှိစေရန် ပြည်သူများထံမှ အမှိုက်တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူ၍ စနစ်တကျ အမှိုက်စွန့် ပစ်ခြင်းများကို ဆောင်ရွက်ကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်