Skip to main content

စားသုံးဆီများဝယ်ယူရာတွင် အမြင့်ဈေးဖြင့် ဆက်လက်ရောင်းချနေပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်

လက်လီဈေးကွက်အတွင်း စားသုံးဆီများဝယ်ယူရာတွင် ယခင်ဈေးနှုန်းအတိုင်းအမြင့်ဈေးဖြင့် ဆက်လက်ရောင်းချနေပါက ဝယ်ယူစားသုံးခြင်းမပြုရန်နှင့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အဆိုပါဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ စားသုံးဆီကိုဈေးမြင့်ရောင်းချနေခြင်းရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center ၁၅၃၅၊ စားသုံးသူရေးရာဦးစီးဌာန Facebook Page နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ Facebook Page များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီလက်လီဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီတင်သွင်းသည့်ကုမ္ပဏီများနှင့်ညှိနှိုင်း၍ သက်သာသောဈေးနှုန်းများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန