နေပြည်တော် ဩဂုတ် ၂၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပသည်။
အခမ်းအနားများသို့ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဒေါက်တာအောင်ကြီး၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။
လက်တွေ့ဆန္ဒမဲပေး
ရှင်းလင်းဆွေးနွေးခြင်းနှင့်သရုပ်ပြပွဲများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၈၂ ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၇၈ ဦး တက်ရောက်ကြပြီးမဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြသည်။
Myanmar Electronic Voting Machine (MEVM) စက်ကို ရွေးကောက်ပွဲများတွင် အသုံးပြုဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိမည့်အပြင် နည်းပညာခေတ်၌ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အဆင့်အတန်းပြည့်မီသော ရွေးကောက်ပွဲများကို လွတ်လပ်မှု၊ တရားမျှတမှု၊ ဂုဏ်သိက္ခာရှိမှုတို့ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်