Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၂၉

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသော(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှစတင်၍ ၂၀၁၆ ခုနှစ်အထိ ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၂ ခုနှစ်မှစတင်၍ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုနှစ် (၂၄) ကြိမ်မြောက်တွင် ပိုမိုကောင်းမွန်အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဧည့်ခံကျွေးမွေးရေးအနေဖြင့် အစားအသောက်များ လုံလောက်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းစွာ ကျွေးမွေးနိုင်ရေး၊ ကျန်းမာရေးနှင့်လုံခြုံရေးများကိုပါ ထည့်သွင်းစဉ်းစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြီး လုပ်ငန်းကော်မတီနှင့် ဦးစီးကော်မတီတို့ထံ တင်ပြဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆပ်ကော်မတီ၏လုပ်ငန်းတာဝန်များ၊ အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ဧည့်ခံကျွေးမွေးရေး ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေး၍ တက်ရောက်လာသည့် ဆပ်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍ အလိုက်ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်