Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ သွားရောက်စစ်ဆေး

ရန်ကုန် ဩဂုတ် ၂၉

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြားသည်။

ရှင်းလင်းတင်ပြ

ထိုသို့တွေ့ဆုံစဉ် ဘဏ်များ၏ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ခံများက ဖွဲ့စည်းပုံနှင့်ဝန်ထမ်းအင်အားအခြေအနေ၊ ဘဏ်လုပ်ငန်းဆိုင်ရာများနှင့်ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စရပ်များကို ဦးစွာရှင်းလင်းတင်ပြကြသည်။

ပေါင်းစပ်ညှိနှိုင်းဖြေရှင်း

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်ကြစေရေး၊ ဌာနတွင်းလုပ်ငန်းဆောင်တာများကို စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေရေးတို့ ကိုအသေးစိတ်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

စနစ်တကျဆောင်ရွက်ပေး

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ၁၉၇၆ ခုနှစ်တွင်လည်းကောင်း၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်သည် ၁၉၉၀ ပြည့်နှစ်တွင် လည်းကောင်း စတင်တည်ထောင်ခဲ့သော နိုင်ငံပိုင်ဘဏ်များဖြစ်ကြပြီး နိုင်ငံတော်နှင့်အစိုးရဌာနများ၊ ပုဂ္ဂလိကများ၏ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းဆိုင်ရာ ငွေပေးချေမှုများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်