Skip to main content

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၂၉

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၀)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူအကျိုးငှာဖြစ်စေ သိမ်းယူခဲ့သော လယ်ယာမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ နစ်နာမှုမရှိစေရေး တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ နစ်နာကြေးလျော်ကြေးများ အချိန်မီပေးလျော်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းအလိုက် အသုံးပြုသည့်မြေကို မြေအမည်ပေါက်ပိုင်ဆိုင်ရေးလုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ထားရန်အရေးကြီးကြောင်း၊ လယ်မြေကို စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အချို့သောနေရာဒေသများ၌ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီပြီး ဝင်ငွေပိုမိုရရှိနိုင်မည့် သီးနှံ Cash Crop ပြောင်းလဲစိုက်ပျိုးခွင့် တင်ပြလာမှုများအပေါ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေဥပဒေ ပုဒ်မ၂၈ ပုဒ်မခွဲ(က)အရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီး ဒေသအတွင်း ဆန်စပါးဖူလုံမှုနှင့် ပတ်ဝန်းကျင်လယ်ယာမြေများကို ထိခိုက်နိုင်မှုမရှိပါက တောင်သူများအတွက် ဒေသနှင့်ကိုက်ညီပြီး ဝင်ငွေပိုမိုရရှိနိုင်သောသီးနှံ Cash Crop ကို ပြောင်းလဲစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း ။

အခြားတစ်ဘက်တွင်လည်း လယ်ယာမြေများတိုးချဲ့အသုံးပြုနိုင်ရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီများက စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုခဲ့သော မြေများတွင် လုပ်ပိုင်ခွင့်ရဧရိယာအားလုံးကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖော်ထုတ်လုပ်ကိုင်ပြီးစီးခြင်း၊ သီးနှံပင်များ စိုက်ပျိုးဖြစ်ထွန်းမှုရှိပြီး ဆွတ်ခူးနိုင်ရန်အရွယ်ရောက်ရှိနေခြင်း၊ အနာဂတ်တွင် လယ်ယာမြေအဖြစ် ဆက်လက်တည်တံ့သွားရန် အခြေအနေရှိခြင်း၊ လယ်ယာမြေအဖြစ် ဆက်လက်တည်တံ့သွားခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုးစီးပွားအတွက် ပိုမိုဖော်ဆောင်ပေးနိုင်ခြင်းစသည့် အချက်များနှင့်ညီညွတ်ပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းကို အရင်းအနှီးကုန်ကျခံ၍ စိုက်ပျိုးလုပ်ကိုင်သူက လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် ဥပဒေနှင့်အညီ လျှောက်ထားလာမှုများအပေါ် လယ်ယာမြေဥပဒေပါ အခွင့်အရေးများခံစားနိုင်ရေးနှင့် လယ်ယာမြေများ ဥပဒေနှင့်အညီ တိုးချဲ့နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများအား ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသူများက သုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၀)ကြိမ်မြောက် အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ကိုင်ခွင့်ရရှိထားပြီး စိုက်ပျိုးလုပ်ကိုင်မှုတည်ငြိမ်နေသည့် မြေများအား လယ်ယာမြေဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေနည်းဥပဒေ ၃၅၊ ၃၆ တို့အရ လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာသည့်လုပ်ငန်းရပ်များ၊ လယ်ယာမြေတွင် MSME လုပ်ငန်းနှင့် သက်ဆိုင်သောကိစ္စရပ်များ ဆောင်ရွက်ရန် အခြားနည်းအသုံးပြုခွင့် တင်ပြလာသောကိစ္စရပ်များအပါအဝင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်နှင့်စပ်လျဉ်း၍ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ တင်ပြလာသော စာတွဲများအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်