Skip to main content

(၂၄)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန် ဩဂုတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှကြီးမှူး၍ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၄)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel Pyay Room ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ အာဆီယံနိုင်ငံများမှ သံရုံးအကြီးအကဲများ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက (၂၄)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီအစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “အာဆီယံဂုဏ်ပြုယဉ်ကျေးမှု”သည် အာဆီယံဒေသအတွင်း ပြည်သူများ၏ အကျိုးအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ကြွယ်ဝပြည့်စုံရေးများကို တိုးတက်ထိန်းသိမ်းရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ အာဆီယံ-ယဉ်ကျေးမှုနှင့်ပြန်ကြားရေးကော်မတီကို ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့်အချိန်မှစ၍ ယဉ်ကျေးမှုနှင့်ပြန်ကြားရေးကဏ္ဍတွင် အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ရန် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်လျက်ရှိရာ ၂၀၀၂ ခုနှစ်တွင် (၄)ကြိမ်မြောက်နှင့် ၂၀၁၃ ခုနှစ်တွင် (၁၄)ကြိမ်မြောက် လက်ခံကျင်းပခဲ့ပြီး ယခုကျင်းပသည့် (၂၄)ကြိမ်မြောက် အာဆီယံ-ယဉ်ကျေးမှုဆပ်ကော်မတီအစည်းအဝေးသည် တတိယအကြိမ်လက်ခံကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ၏ တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ မိတ်ဆွေအာဆီယံနိုင်ငံများနှင့်အတူ ငြိမ်းချမ်းသော၊ ကြွယ်ဝပြည့်စုံသော အာဆီယံအသိုက်အဝန်းကြီးထူထောင်ရေး ရည်မှန်းချက်များရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ရည်မှန်းချက်များထားရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ (၂၄)ကြိမ်မြောက် အာဆီယံ-ယဉ်ကျေးမှုဆပ်ကော်မတီအစည်းအဝေးကို Pyay ခန်းမ၌ကျင်းပရာ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (၂၄)ကြိမ်မြောက် အာဆီယံ-ယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးသဘာပတိနှင့် မြန်မာကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အာဆီယံဒေသတွင်း ဆောင်ရွက်လျက်ရှိသော ယဉ်ကျေးမှုဆိုင်ရာကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီမံကိန်းများ၊ ဆောင်ရွက်ဆဲစီမံကိန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဆက်လက်တင်သွင်းမည့် စီမံကိန်းအသစ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ် အတည်ပြုကြသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များအား Novotel Yangon Max Hotel ပုသိမ်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူလေးများက မြန်မာ့ရိုးရာယဉ်ကျေးမှုအက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် ဖျော်ဖြေတင်ဆက်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်