Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော် ဩဂုတ် ၂၉

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံအလိုက်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာအေဂျင်စီများအနေဖြင့် စာချုပ်ချုပ်ဆိုပြီးသည့် အလုပ်သမားများကို ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ရန်လိုအပ်ကြောင်း၊ သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်မှုမရှိလျှင် အလုပ်သမားများ၏ တိုင်ကြားမှုများဖြစ်ပေါ်လာနိုင်သဖြင့် အေဂျင်စီများက အလေးထားဆောင်ရွက်စေလိုကြောင်း၊ MoU မြန်မာအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေကိစ္စနှင့် ပတ်သက်၍ ငွေလွှဲအများစုအား နှစ်နိုင်ငံဘဏ်များမှတစ်ဆင့် စနစ်တကျစီးဆင်းစေရေး ဆောင်ရွက်စေလိုကြောင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့် စေလွှတ်လိုက်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိလုပ်ငန်းခွင်များတွင် အလုပ်ရှင်၊ အလုပ်သမားမပြေလည်မှု၊ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ရက်ပေါင်း ၃၀ အတွင်းဖြေရှင်း ဆောင်ရွက်ရန်၊  အလုပ်သမားရေးရာကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်ပါက သက်ဆိုင်ရာသို့သတင်းပို့၍ အချိန်နှင့်တစ်ပြေးညီ အလုပ်သမားသံအရာရှိများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်နှင့် မိမိတို့စေလွှတ်သည့်အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်အထိ တာဝန်အပြည့်အဝရှိကြောင်း ပြောကြားသည်။

ထိုနောက် မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ တာဝန်ရှိသူများနှင့် နိုင်ငံအလိုက် လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပသို့ အလုပ်သမား စေလွှတ်ရေးလုပ်ငန်းစဉ်များအား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားသည်။

ဩဂုတ် ၂၃ ရက်အထိ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ စုစုပေါင်း ၄၅၇ ခု နှင့် ထိုင်းလိုင်စင်ရအေဂျင်စီ ၁၅၀ ရှိကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတို့တွင် ပို့ချလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်