Skip to main content

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးအဖွဲ့-CPU မှ အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနတာဝန်ခံများနှင့် သုတေသနဆောင်ရွက် နေသူများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့်ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပို့ချသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားကြသည်။

သတင်းစဉ်