ရန်ကုန် ဩဂုတ် ၂၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၌ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းနိုင်ဦး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက (၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်နေမှုများ၊ သွားရောက်ယှဥ်ပြိုင်မည့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘောအားကစားနည်းတို့မှ အုပ်ချုပ်/ နည်းပြများ၊ အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ အားကစားကဏ္ဍကို အထူးအရေးပေးပြီး ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများကို ဘဝအမခံချက်ရှိစေရန် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်း၊ အားကစားသမားများအနေဖြင့် စိတ်ဓာတ်၊ ခံယူချက်အပြည့်ဖြင့် ကြိုးစားလေ့ကျင့်ပြီးယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်အထိ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကြရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အောင်မြင်မှုရရှိအောင် အစွမ်းကုန်ကြိုးစားကြရန်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်စံညွှန်းသည် တတိယဆိုသည့်အတိုင်း ကျန်းမာရေးကို အထူးဂရုပြုကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်အတွင်းရှိ Synthetics ပြေးလမ်းပျက်စီးချို့ယွင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်