နေပြည်တော် သြဂုတ် ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့်ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
(ယမန်နေ့မှအဆက်)
သူရိယနေဝန်းသတင်းဌာနမှဦးမိုးဟိန်းက ၂၀၂၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးသည့်ကိစ္စကို မေးမြန်းသွားမည်ဖြစ်ပြီးထိုကိစ္စကို ဗိုလ်ချုပ်ကိုယ်တိုင်မှန်ကန်ကြောင်း အတည်ပြုကြေညာခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးပွဲမှာ မည်သည့်ရလဒ်များထွက်ပေါ်ခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုအခြေအနေမှန်ကို ဗိုလ်ချုပ်အနေဖြင့် ပြည်သူများနှင့်ကမ္ဘာကိုတတ်နိုင်သလောက် ဖြေကြားနိုင်ဆုံးဖြေကြားပေးစေလိုပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှုမှစပြီးမကြာခင်အနာဂတ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း Dialogue ဖြစ်သည့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းများ ပေါ်ပေါက်ကျင့်သုံးလာနိုင်ခြင်းရှိ/မရှိကို ဖြေကြားပေးစေလိုကြောင်းမေးမြန်းသည်။
ရှေ့ဆက်သွားမည့် ရွေးကောက်ပွဲလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိအနေဖြင့် ထိုနေ့ကမီဒီယာများတွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုသည်လည်းမှန်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုသည်လည်း ၂ နာရီနီးပါးကြာမြင့်ပြီးနှစ်ဦးချင်း Four Eyes တွေ့ဆုံခြင်းဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်များကို မိမိတို့လည်းမသိရှိပါကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်ဆိုသည်ကို မီဒီယာတွေကိုလည်း တရားဝင်ပြောကြားခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးသည့်အခါမည်သည့် အကြောင်းအရာနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့လဲဆိုသည်ကို အသေးစိတ်မသိရှိရသော်လည်း ၎င်း၏ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ပေါ်မှာရှိသည့် သဘောထား၊ တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်သည့် သဘောထားများကိုထိုင်းမီဒီယာများက ဖော်ပြထားသည်များလည်းရှိကြောင်း၊ Four Eyes တွေ့ဆုံဆွေးနွေးပွဲဆိုသည်မှာ ကာယကံရှင်နှစ်ဦး ကိုယ်တိုင်ဖွင့်ပြောမှ မိမိတို့အနေဖြင့် ပြောလို့ရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်က တချို့အကြောင်းများကို ပြန်လည်ပြောထားသည်များရှိကြောင်း၊ ၎င်းတို့ပြန်လည်ပြောကြားချက်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့နှစ်ဦးချင်းတွေ့ဆုံဆွေးနွေးထားခြင်းဖြစ်သည့်အပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့်အတွက် တွေ့ဆုံခဲ့သည့်အတိုင်း ပြောကြားခဲ့သည်ဟု မိမိအနေဖြင့် ကောက်ချက်ပေးလိုကြောင်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနှင့် ပတ်သက်ပြီးမိမိလည်း မကြာခဏပြောခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်တာဝန်ကို မရယူစဉ်မှာလည်း တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုသာ ဦးတည်ခဲ့ကြောင်း၊ မဲမသမာမှုနှင့်ပတ်သက်ပြီး မိမိတို့ကပွင့်လင်းမြင်သာစွာ မီဒီယာများနှင့် နိုင်ငံတကာသံတမန်များရှေ့တွင် အထောက်အထားပြည့်ပြည့်စုံစုံနှင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်ရမည့် လမ်းကြောင်းအားလုံး လုပ်ဆောင်ခဲ့ကြောင်း၊ ထိုစဉ်ကနိုင်ငံတော်ကို တာဝန်ယူသည့်အစိုးရကိုမဲစာရင်းများအား ပြန်လည်စစ်ဆေးပေးရန် တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးရန် မဲစာရင်းနှင့်ပတ်သက်ပြီးဆောင်ရွက်ရန်၊ မေးမြန်းခွင့်ပြုရန်ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ နိုင်ငံတော်ကို စီမံအုပ်ချုပ်နေသည့် သူအချင်းချင်းတွေ့ဆုံဆွေးနွေးပြီး အချင်းချင်းအပြန်အလှန် စာပေးပို့ခဲ့ခြင်းများ ရှိခဲ့သော်လည်း မအောင်မြင်ကြောင်း၊ ထို့ပြင်တရားလွှတ်တော်ချုပ်ထံသို့ စာချွန်တက်ပြီးတရားလွှတ်တော်ချုပ်ကဆောင်ရွက်ရန်ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ကြောင်း၊ မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းက သွားခြင်းဖြစ်ကြောင်း၊ နောက်ဆုံးဖေဖော်ဝါရီလ ၁ ရက်နေ့ မှစပြီး ၂ ရက်၊ ၃ ရက်၊ ၄ ရက်နေ့အထိ လွှတ်တော်အမတ်များ နေပြည်တော်စည်ပင်ရိပ်သာတွင်ရှိကြောင်း၊ မဲမသမာမှုများမှာ ၎င်းတို့ ကိုယ်တိုင်ပါဝင်ခဲ့သည်ကို သိရှိရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အရေးယူလို့ရကြောင်း၊ သို့သော်မိမိတို့အနေဖြင့်၎င်းတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ တရားဥပဒေလမ်းကြောင်းမှရင်ဆိုင်ပါ၊ တရားဥပဒေအတိုင်း ဆောင်ရွက်ပါဟုပြော၍ ပြန်လွှတ်လိုက်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို ရွေးသွားသည့်သူများလည်းရှိကြောင်း၊ လက်နက်ကိုင် လမ်းစဉ်ကိုသွားရန်လှုံ့ဆော်သည့်သူများလည်းရှိကြောင်း၊ ယခုဖြစ်ပေါ်နေသည့် အကြမ်းဖက်လမ်းစဉ်ကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်သွားခြင်းဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားမည်ဆိုလျှင် ပထမဦးဆုံး နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်ဟု ကြေညာထားသည့်သူများနှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားစရာမရှိပါကြောင်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ရန်အကြမ်းဖက်ဟု ကြေညာခံထားသည့်သူများသည် နံပါတ်(၁)ကမ္ဘာသိ အကြမ်းဖက်လုပ်ရပ်များကို မလုပ်တော့ပါဟု ဝန်ခံချက်လိုကြောင်း၊ နံပါတ်(၂)အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချပါသည်ဆိုသည့် ကမ္ဘာသိကြေညာချက်လိုကြောင်း၊ ၎င်းတို့သည် လက်နက်ကိုင်ပြီး ပြည်သူလူထုကို သတ်ဖြတ်နေကြောင်း၊ မုံရွာမှာကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်ကိုလည်း ၎င်းတို့က ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်း၊ စစ်ကိုင်းတိုင်းဘက်မှာလည်း အမျိုးသမီးတစ်ယောက်ကို အချုပ်ခန်းထဲထည့်ပြီး အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ခြင်းများရှိကြောင်း၊ ထိုသို့သောလူများနှင့် ၎င်းတို့ကိုဦးဆောင်နေသည့်သူများ၊ အကြမ်းဖက်သမားများနှင့် မိမိတို့တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းစရာမရှိကြောင်း၊ မိမိတို့အနေဖြင့် ဆက်လက်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးရရှိရန်၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်၊ EAO အဖွဲ့များနှင့် ဆောင်ရွက်နေမှုများ၊ နိုင်ငံရေးတည်ငြိမ်မှုရရှိရန် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနေမှုများ၊ ရှေ့ဆက်သွားမည့် ရွေးကောက်ပွဲဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
သူရိယနေဝန်းသတင်းဌာနမှ ဒေါ်သဇင်ဦးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အများပြည်သူဖူးမြော်ခွင့်ပေးလိုက်သည့် ဩဂုတ်လ ၈ ရက်နေ့မှစတင်ပြီး ယနေ့အချိန်အထိ ကျွန်မအနေဖြင့် ၉ ကြိမ်တိတိ သွားရောက်ဖူးမြော်ခဲ့ကြောင်း၊ လာရောက်ပြီး ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများက နေပြည်တော်တစ်ဝိုက်သာမကနယ်ဝေးမှ ပြည်သူများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပြည်သူများပါ လာရောက်ကြသည်ကို တွေ့မြင်ရကြောင်း၊ ယခုကဲ့သို့ နယ်ဝေးမှပြည်သူများ၊ ဘုရားဖူးပြည်သူများ ဖူးမြော်ခွင့်ရရှိအောင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်တော်မူခဲ့သည့် ဦးဆောင်ဘုရား ဒါယကာကြီးဖြစ်သည့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဘုရားတည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသူများ၊ ပါဝင်လှူဒါန်းကြသူအားလုံး၏ ကုသိုလ်အစုစုကို တစ်နိုင်ငံလုံးရှိ ပြည်သူများကိုယ်စား မိမိတို့သူရိယနေဝန်းမီဒီယာက သာဓုခေါ်ဆိုပါကြောင်း၊ မိမိသွားရောက်ခဲ့သည့် ၉ ရက်တာကာလအတွင်း ဘုရားဖူးပြည်သူများ၏ စကားသံများကိုလည်း ကြားသိခဲ့ရကြောင်း၊ ယခု စက်တင်ဘာလ ၃ ရက်နေ့အထိသာ အခမဲ့ဖူးမြော်ခွင့်ပေးထားပြီး နောက်ပိုင်းတွင် ဝင်ကြေးများကောက်ခံသွားမည်ဟု သိရကြောင်း၊ ဝင်ကြေးကောက်ခံမည့် နှုန်းထားများနှင့်ပတ်သက်ပြီးဝေဖန်မှုများရှိနေကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး ယခုဆောင်ရွက်နေသည့်အခြေအနေကို ဦးစွာသိလိုကြောင်း မေးမြန်းသည်။
ဝင်ကြေးဆိုခြင်းထက် ဘုရားကြီး၏ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကုသိုလ်အဖြစ် ပါဝင်လှူဒါန်းခွင့်ရခြင်းသာဖြစ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်ပြီးသီးသန့်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထိုသတင်းစာရှင်းလင်းပွဲတွင် တချို့အကြောင်းအရာများကို မိမိအနေဖြင့် ပြောခဲ့ပြီးဖြစ်ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားခြင်းမဟုတ်ကြောင်း၊ အဓိကမှာ ဦးဆောင်ဘုရားဒါယကာကြီး၏မတည်မှု၊ တပ်မတော်တပ်ရင်း/တပ်ဖွဲ့များ၏ မတည်မှု၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ ပုဂ္ဂလိကအလှူရှင်များ၏ စုပေါင်းအလှူငွေများဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ ကျောက်တုံးတော်ကြီးကို သယ်ယူစဉ်မှတည်ဆောက်သည့်အချိန်အထိ ကုန်ကျစရိတ် တော်တော်ကြီးမားကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး တစ်တိုင်းပြည်လုံးလည်း သိပြီးဖြစ်ကြောင်း၊ ကျောက်တုံးတော်ကြီး သယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးရေကြောင်းရွှေ့ပြောင်းမှု၊ ကမ္ဘာပေါ်တွင် အကြီးမားဆုံးကုန်းကြောင်းရွှေ့ပြောင်းမှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ ဆင်းတုတော်ကြီးပင့်ဆောင်ခြင်း အစကိုပင် ခက်ခက်ခဲခဲလုပ်ခဲ့ရတာဖြစ်ကြောင်း၊ ဆင်းတုတော်မြတ်ကြီးတည်ဆောက်မှု ဘုရားပရိဝုဏ်တစ်ခုလုံးတည်ဆောက်မှု အားလုံးသည် စကျင်ကျောက်သားများဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ သာသနာ့ဗိမာန်တော်ကြီးနှင့် သုဓမ္မာဇရပ်များ သစ်သားလုပ်ငန်းများမှအပ ကျန်သည့်လုပ်ငန်းများမှာ စကျင်ကျောက်လုပ်ငန်းများဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ကျောက်စာရုံစေတီတော်ဆိုလျှင် အလယ်ကစေတီတော်မြတ် အပါအဝင် ၇၂၁ ဆူရှိကြောင်း၊ စကျင်ကျောက်သားစစ်စစ်များဖြင့်သာ အားလုံးတည်ဆောက်ထားရှိခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် မည်သည့်နေရာမှ ရှိနိုင်မည်မဟုတ်ကြောင်း၊ နောင်တွင်လည်းပေါ်ထွန်း လာရန်ခဲယဉ်းလာကြောင်း၊ ယင်းအရွယ် ပမာဏအတိုင်းလုပ်နိုင်ရန် ခဲယဉ်းသွားပြီဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများလည်း နေ့စဉ်ရက်ဆက် လာရောက်ဖူးမြော်ကြသည်ကို တွေ့မြင်ရကြောင်း၊ တနင်္ဂနွေနေ့တွင် ဘုရားဖူးပြည်သူတစ်သိန်းနီးပါးလာရောက်ပြီး ညအချိန်ထိကို တိုး၍မပေါက်ကြောင်း၊ ယင်းစကျင်ကျောက်များသည်လည်း ရတနာတန်းဝင်ကျောက်ဖြစ်ကြောင်း၊ စကျင်ကျောက်မှာ အေကလပ်၊ ဘီကလပ်၊ စီကလပ်ရှိသည့်အနက် အေကလပ်ရှိသည့် အဆင့်အမြင့်ဆုံး၊ အဆင့်အမီဆုံး စကျင်ကျောက်ဖြစ်ကြောင်း၊ ယင်းသို့ အဆင့်အမီဆုံးစကျင်ကျောက်ဖြစ်သလို စကျင်ကျောက်သား၏ အဓိပ္ပာယ်အရ အစွန်းအထင်းဖြစ်ရန်လည်း လွယ်ကူကြောင်း၊ ထို့ကြောင့်ဘောပင်များ၊ စွန်းထင်းစေသည့်ပစ္စည်းများ မယူလာရန်ပြောခြင်းဖြစ်ကြောင်း၊ တန်ဖိုးထားသည့်သူများ လည်းရှိကြောင်း၊ မီဒီယာများထဲမှပင် ဘုရားကြီးကို သွားနေကြသူများက မိမိထံသို့ ၎င်းတို့တွေ့ရှိချက်များကို ပြန်လည်ပြောနေသူများရှိကြောင်း၊ ဥပမာကျောက်စာရုံစေတီတော်တွင် လူအများကလက်ညှိုး ဖြင့်ထောက်၍ဖတ်ကြသဖြင့် လူပေါင်းများစွာဖတ်ပါက လက်မှတစ်ဆင့် ပေကျန်နိုင်သည့်အတွက်သန့်ရှင်းသည့် ထောက်တံများထားပေးသင့်သည်ဟူ၍ အကြံပြုသူများလည်းရှိကြောင်း၊ အားလုံးအလေးအနက်ထားသည်ကို တွေ့မြင်ရကြောင်း၊ ထိုကဲ့သို့သောကိစ္စများကိုမိမိတို့ ထိန်းသိမ်းရမည့် တာဝန်လည်းရှိကြောင်း၊ ဘုရားကြီးပရိဝုဏ်မှာ ၂၅၅ ဧကခန့်ရှိကြောင်း၊ နောင်တွင်လည်း တည်ဆောက်ရန်မလွယ်ကူတော့ကြောင်း၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာတစ်ခုလည်းဖြစ်သည်ဟု မိမိအနေဖြင့်ယူဆပါကြောင်း၊ ထို့ကြောင့် ထိန်းသိမ်းရမည့်တာဝန်ရှိကြောင်း၊ ဘုရားကြီးတွင် လျှပ်စစ်မီတာခ တစ်လကို သိန်း ၁၅၀၀ နှင့် ၂၀၀၀ ကြားခန့်ကျသင့်ပါကြောင်း၊ ကျန်သည့်ကိစ္စများ မပါသေးကြောင်း၊ သန့်ရှင်းရေး၊ ရေ၊ မီးစသည့် ဝန်ထမ်းများ အနည်းဆုံးလူဦးရေ ၆၀၀ နှင့် ၇၀၀ ကြားခန့်ရမည့် အနေအထားရှိကြောင်း၊ ယင်းကုန်ကျစရိတ်များကို နိုင်ငံတော်ဘတ်ဂျက်မှသုံးရန် မူဝါဒအနေဖြင့် မဖြစ်နိုင်ကြောင်း၊ ထုံးစံလည်းမရှိကြောင်း၊ မည်သည့်ဘုရားစေတီမှာမှလည်း ထုံးစံမရှိခဲ့ကြောင်း၊ ယခင်ကလည်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် ဖူးမြော်ကုသိုလ်ယူသူများအနေဖြင့် ကုသိုလ်ပြုခွင့် တစ်ထောင်ကျပ်ကောက်ခံခြင်းဖြစ်ကြောင်း၊ တစ်ထောင်ကျပ်ဖြင့် ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရဟန်းသံဃာတော်များ အခမဲ့ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကတ်ဖြင့် ၅၀ ရာခိုင်နှုန်းကောက်မည်ဖြစ်ကြောင်း၊ ယခုနှုန်းထားသည် ပြောပလောက်သည့် အနေအထားမဟုတ်ကြောင်း၊ ကုသိုလ်ပါဝင်ခွင့် ရခြင်းသာဖြစ်ပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်များတွင်လည်း မိမိတို့သိပါကြောင်း၊ ထိုင်းနိုင်ငံမှမြဘုရားတွင် နိုင်ငံခြားသား ၁၅ ဒေါ်လာ ကောက်ခံကြောင်း၊ ၁၅ ဒေါ်လာကို ယခုဈေးနှုန်းဖြင့် တွက်ကြည့်ပါက သောင်းကျော်နေပြီဖြစ်ကြောင်း၊ သီရိလင်္ကာရှိ ကန္ဒီစွယ်တော်တိုက်တွင် ၅ ဒေါ်လာဖြစ်ကြောင်း၊ တရုတ်ဗုဒ္ဓစွယ်တော်မြတ်တွင် ၁၀ ယွမ် ကောက်ခံကြောင်း၊ ဂျပန်တွင်ရှိသည့် ကမာကုရရုပ်ပွားတော်မြတ်တွင် ၂ ဒေါ်လာ ကောက်ခံကြောင်း၊ ထို့ကြောင့် ဘုရားကြီး၏ ရေရှည်တည်တံ့ ခိုင်မြဲရေး၊ မိမိတို့တိုင်းပြည်၏ ဂုဏ်ဖြစ်သည့်အတွက် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ကုသိုလ်အဖြစ်ပါဝင်ကုသိုလ်ယူရသည့် အလှူငွေ သာဖြစ်ပြီးအလှူငွေ တစ်ထောင်သာဖြစ်ကြောင်း၊ ဖုန်းနှင့်ပတ်သက်၍သာမန်ဖုန်းများ ကိစ္စမရှိသော်လည်း ယခုခေတ်တွင် တချို့သောဖုန်းများသည် ပရော်ဖက်ရှင်နယ်ကင်မရာများကဲ့သို့ပင် ကောင်းကြကြောင်း၊ ထိုဖုန်းများဖြင့် Short Video များ၊ ဇာတ်ကားများ ရိုက်နေသည်များရှိကြောင်း၊ အများပြည်သူသာမန်သုံးနေသည့် ဖုန်းများဆိုလျှင် တစ်နည်းတစ်ဖုံ စဉ်းစားမှာဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး အနှစ်ချုပ်ပြောရမည်ဆိုလျှင် ဝင်ကြေးဆိုခြင်းထက် ဘုရားကြီး၏ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကုသိုလ်အဖြစ်ပါဝင်လှူဒါန်း ခွင့်ရခြင်းသာဖြစ်သည်ဟု ပြောလိုပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ သူရိယနေဝန်းသတင်းဌာနမှ ဒေါ်သဇင်ဦးက နောက်ထပ်မေးမြန်းရန် တစ်ခုကျန်ရှိကြောင်း၊ ပြည်ပမှတင်သွင်းလာ သည့်ပစ္စည်းများက ဒေါ်လာဖြင့် ဝယ်ယူရသည့်အတွက်ကြောင့် ဈေးနှုန်းကြီးမြင့်နေခြင်းမှာ ပြည်သူများအနေဖြင့် “မချစ်သော်လည်း အောင့်ကာနမ်း”ဆိုသကဲ့သို့ မဖြစ်မနေအရ ဝယ်ယူသုံးစွဲနေရကြောင်း၊ သို့သော်ဒေါ်လာဖြင့် ဝယ်စရာမလိုသည့် မိမိတို့ မြန်မာနိုင်ငံမှာသာရှိနေသည့် လယ်ကွင်းထဲမှထွက်သည့် ဆန်စပါးကို ဈေးကြီးပေးဝယ်နေရသဖြင့် သဘာဝမကျကြောင်း၊ အထူးသဖြင့် ယခုရက်ပိုင်းတွင် ဆန်ကုန်သည်ကြီးများအသင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအနီး တချို့နေရာများတွင်လည်း ဆန်ဈေးနှုန်းသက်သက်သာသာဖြင့် ရောင်းချပေးနေသော်လည်း ဆန်ဈေးနှုန်းပြဿနာက မလုံလောက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဆန်ဈေးက ရန်ကုန်တစ်နေရာတည်းတွင် ဈေးသက်သက်သာသာဖြင့် ရောင်းချပေးနေ၍မရပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင်ရှိနေသည့် ပြည်သူများအနေဖြင့် မိမိနိုင်ငံအတွင်းရှိထုတ်ကုန်ကို အလွန်မကြီးမားသော ဈေးနှုန်းများ၊ တည်ငြိမ်သော ဈေးနှုန်းများဖြင့် ဝယ်ယူစားသောက်ရန်အတွက် မိမိ၏ အခွင့်အရေးကို အပြည့်အဝရရှိသင့်သည်ဟု ထင်မြင်ပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မည်သို့စီမံဆောင်ရွက်သွားမည်ကို သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ကုန်ဈေးနှုန်းနှင့်ပတ်သက်၍ ဆန်စပါးဈေးနှုန်းကြီးမြင့်ရခြင်းအကြောင်းအရင်းသည် ပြည်ပဝယ်လိုအားကို မျှော်ရသည့်အတွက် ကြီးမြင့်ရသည့်အကြောင်းလည်း တစ်ကြောင်းပါဝင်ကြောင်း၊ ပြည်ပနိုင်ငံများအနေဖြင့် ဆန်စပါးအဓိကထွက်သည့် နိုင်ငံများအနေဖြင့် ရာသီဥတုဒဏ်ကိုမျှော်မှန်းပြီး ဆန်စပါးရောင်းချရမည့်ကိုယ်တာကို လျှော့ချလိုက်သည့်အတွက်ကြောင့် ဆန်စပါးဈေးနှုန်းကြီးမြင့်ရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတစ်နိုင်ငံတည်းသာ ကြီးမြင့်ခြင်းမဟုတ်ကြောင်း၊ သို့သော် မိမိတို့အစိုးရအနေဖြင့် ပို့ကုန်များနှင့်ပတ်သက်ပြီး အားပေးသည်ဆိုသော်လည်း ပြည်တွင်းဖူလုံရေးနှင့်ပတ်သက်ပြီး ပြန်လည်ပြီးအားပေးရမှာဖြစ်ကြောင်း၊ ထိုကိစ္စများကို မူဝါဒပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး ပြန်လည်ညှိနှိုင်းသုံးသပ် ပေးလျက်ရှိကြောင်း ဖြေကြားသည်။
ဆက်လက်၍ သူရိယနေဝန်းသတင်းဌာနမှ ဒေါ်သဇင်ဦးက bတပ်မတော်သား မိသားစုဝင်များ၏ အမှာစကားကိုလည်းပြောလို ကြောင်း၊ ကြီးမြင့်နေသည့် ကုန်ဈေးနှုန်းဒဏ်ကို ဦးပိုင်အမြတ်ငွေလေး ဖြင့် အားတင်းထားနိုင်ရန်အတွက် သတင်းစကားပါးလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဦးပိုင်အမြတ်ငွေနှင့်ပတ်သက်၍ ဦးပိုင်သည် အများပိုင်ဖြစ်ကြောင်း၊ အများပိုင်ဆိုသည်မှာ တစ်ခုတည်းဖြင့် ဆုံးဖြတ်၍မရကြောင်း၊ ၎င်း၏ လုပ်ထုံးလုပ်နည်းရှိကြောင်း၊ လုပ်ထုံးလုပ်နည်းအရ စာရင်းစစ်ခံရကြောင်း၊ စာရင်းစစ်ပြီး စာရင်းစစ်လွှာ ထွက်လာမှအားလုံးကို အတည်ပြုရကြောင်း၊ အထွေထွေအရပ်ရပ် အစည်းအဝေးမှ အတည်ပြုပြီးမှ ပေးရခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် အားလုံးစစ်ဆေးပြီးနိုင်သည့် အနေအထားမှာရှိကြောင်း၊ မကြာမီအတွင်းမှာ ယခင်ကအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
One News Channel မှ ဦးသွင်ထူးအောင်က ယခုလာမည့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေး ကြေညာထားကြောင်း၊ ၂၀၂၄ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်သည် ၂၀၂၆ ခုနှစ်တွင် ပြီးဆုံးမည်ဟူ၍လည်း ကြေညာထားသည်ကို သိရကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ၂၀၂၄ သန်းခေါင်စာရင်းမှရသည့် အချက်များကိုအခြေခံပြီး မဲစာရင်းပြုစုပြီးမှသာ ရွေးကောက်ပွဲလုပ်နိုင်ခြေရှိသည်ဟုလည်း မှတ်ချက်ပြုပြောဆို နေသည်များလည်းတွေ့ရကြောင်း၊ လာမည့်ရွေးကောက်ပွဲကို ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူပြီး ကောက်ယူရေးလုပ်ငန်းစဉ်ပြီးမှ ဖြစ်နိုင်ဖွယ်ရှိသည်လားဟု သိလိုကြောင်း၊ မည်သည့်အချိန်တွင် ကျင်းပမည်ကို သိလိုကြောင်းမေးမြန်းသည်။
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မိမိတို့ အလေးထားဆောင်ရွက်လျက်ရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖြစ်လာပြီး တပ်မတော်ကတာဝန်ယူရခြင်းသည် မဲစာရင်း၊ မဲမသမာမှုကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နောင်လာမည့် ရွေးကောက်ပွဲသည် မဲစာရင်းနှင့်ပတ်သက်ပြီးဖြစ်စေ၊ မဲပေးနိုင်သည့်သူများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီးဖြစ်စေ အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယင်းအပေါ်အခြေခံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း မကြာခဏပြောနေကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ၏ စာရင်းနှင့်ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းက တစ်မျိုး၊ လူဝင်မှုကြီးကြပ်ရေးမှ ထုတ်ပြန် သည့် စာရင်း၊ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်သည့်စာရင်း ယင်းတို့ကို နှိုင်းယှဉ်ကြည့်သည့်အခါတွင် ၂၀၁၄ သန်းခေါင်စာရင်းကို မမူတည်ဘဲ ဖောင်းပွနေသည့်မဲစာရင်းများဖြင့် ဆောင်ရွက်ခဲ့၍ မဲစာရင်းမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် မဲမသမာမှုများ မဖြစ်ရအောင် အဓိကအခြေခံဖြစ်သည့် မဲစာရင်းမှားယွင်းမှုမျိုး မရှိရအောင် အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုဆိုသည်မှာ ကမ္ဘာ့စံချိန်စံညွှန်းအရ ၁၀ နှစ်ကိုတစ်ကြိမ် ကောက်ယူရခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကောက်ယူပြီးဖြစ်သည့် အတွက် ၁၀ နှစ်ပြည့်သည့် ၂၀၂၄ ခုနှစ်တွင် ကောက်ခံနိုင်ရန်အတွက်အရေးကြီးပါကြောင်း၊ ၂၀၁၄ သန်းခေါင်စာရင်း မကောက်ယူခင်က မြန်မာနိုင်ငံ၏ လူဦးရေစာရင်းခန့်မှန်းထားပြီး အမှန်တကယ်သန်းခေါင် စာရင်း ကောက်ယူပြီးသည့်အချိန်တွင် ခန့်မှန်းထားသည့် လူဦးရေထက် နည်းနေသည်ကိုတွေ့ရကြောင်း၊ ယခင်စာရင်းမကောက်ခင်က မြန်မာနိုင်ငံ၏ မွေးဖွားနှုန်းသည် ၁ ရာခိုင်နှုန်းကျော်ကျော် ၂ ရာခိုင်နှုန်း ခန့်မှန်းခဲ့ကြောင်း၊ အမှန်တကယ် သန်းခေါင်စာရင်းကောက်ကြည့်ပြီးမှ မည်မျှရှိသည်ကိုသိရကြောင်း၊ သုည ဒသမ ၈၅ ကိန်းဂဏန်းခန့်ရှိသည်ဟု သိရကြောင်း၊ သန်းခေါင်စာရင်းကောက်ယူပြီးမှသာလျှင် ယခုနောက် ပိုင်း ၁၀ နှစ်အတွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ထွက်သွားသည့်သူများရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းရှိသူများကလည်း ရှိသင့်သည့်နေရာတွင် မရှိသူများလည်းရှိကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူရန် လိုအပ်ကြောင်း၊ သန်းခေါင်စာရင်းကို အခြေခံနိုင်မှသာလျှင်၊ မြေပြင်တွင် အမှန်တကယ် ကောက်ယူနိုင်မှသာလျှင် မဲစာရင်းမှန်မှုလည်းရှိမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မိမိတို့အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
Myanmar Transparency News သတင်းဌာနမှ ဦးကျော် ဇေယျာငြိမ်းက ပြည်တွင်း၌ အဓိကစားသုံးနေသည့် ဆန်ဈေးသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လိုက်လျှင် တစ်နှစ်ခွဲအတွင်း၌ ဆန်အမျိုးအစားအလိုက်ကို မူတည်ပြီး ၈၀ ရာခိုင်နှုန်းမှ ၁၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယင်းမှာ ပြည်တွင်းကထုတ်သည့် ဆန်သာရှိ သေးကြောင်း၊ တစ်ဖက်တွင်လည်း ဒေါ်လာဈေးနှုန်းကဆိုလျှင် ဗဟိုဘဏ်သတ်မှတ်ထားသည့် တစ်ဒေါ်လာ ၂၁၀၀ ထက်ကို ၈၀ ရာခိုင်နှုန်း ကျော်ခန့်မြင့်တက်သွားကြောင်း၊ ယခင်နေ့က ဗဟိုဘဏ်ပြန်ထိန်းလို့ ပြန်ကျလာသည့်ဈေးနှင့် ပြန်တွက်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သွင်းကုန်အများကြီး သွင်းနေရသည့် မြန်မာနိုင်ငံအနေဖြင့်ဆိုလျှင် ကုန်ဈေးနှုန်းများကလည်း လိုက်ပြီးမြင့်တက်လာရန်သာရှိကြောင်း၊ ၂၀၂၁-၂၀၂၂ နှင့်နှိုင်းယှဉ်မည်ဆိုလျှင် လက်ရှိကုန်ဈေးနှုန်းကမည်သည့် ပစ္စည်းကိုကြည့်ကြည့် နှစ်ဆမြင့်တက်နေသည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အစိုးရက ပြည်သူများကို သက်သာချောင်ချိရေးလုပ်ပေးနေသည်ကို တွေ့ရသော်လည်း ကုန်ဈေးနှုန်းအပါအဝင် အိမ်ခြံမြေဈေး၊ ကားဈေး၊ ဒေါ်လာဈေး၊ ရွှေဈေးများ အကုန်ဈေးတက်နေသည့်အချိန် အေးအေးချမ်းချမ်းနေလိုသည့် သာမန်အလုပ်သမားများ၊ နိုင်ငံ့ဝန်ထမ်းများက ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကို အလူးအလဲခံနေရကြောင်း၊ ယင်းပြည်သူများနှင့်ဝန်ထမ်းများအတွက် လစာတိုးပေးခြင်းမျိုး၊ အခွင့်အရေးပေးခြင်းမျိုး၊ တိုးမြှင့်ပေးမှုရှိလာလျှင်လည်းတိုးမြှင့် ပေးမှုနောက်ပိုင်းတွင် ကုန်ဈေးနှုန်းများ ထပ်တက်မလာအောင် မည်သို့စီမံထားမှုများရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆန်ဈေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်သည့် အကြောင်းရင်းကို ပြောထားပြီးဖြစ်ကြောင်း၊ အဓိက စပါးဈေး၊ မိုးစပါး သည် ၂၀၂၁ ခုနှစ်က ၉ သိန်း၊ ၁၀ သိန်း၊ ယခုဆိုလျှင် ၁၇ သိန်း၊ ၁၈ သိန်းရှိကြောင်း၊ အဓိကအခြေခံစပါးဈေးသည်ပင်လျှင် တက်နေသည် ဖြစ်ကြောင်း၊ စပါးဈေးတက်နေသည်မှာလည်း မျှော်လင့်ချက်တစ်ခုနှင့်ဆွဲတင်ထားခြင်းဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မူဝါဒအရ ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရန် လုပ်ဆောင် နေသည်များရှိကြောင်း၊ တချို့သောမတက်သင့်သည့်ဈေးနှုန်းများ၊ ဖြေလျှော့မှုပေးထားသည့်ဈေးနှုန်းများနှင့်ပတ်သက်ပြီး ဖြေလျှော့မှုပေးထားသည့်ဈေးနှုန်းက အစိုးရမှရောင်းပေးလိုက်သည့် ဒေါ်လာ ဈေးက မည်မျှရှိသင့်ကြောင်း၊ အမြတ်တင်ပြီး ရှိသင့်သည့်ဈေးနှုန်းက မည်မျှရှိသည်ကို တွက်ချက်၍ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်ဆောင်ရွက်မှုများ ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးများ ရှင်းပြသွားသည့်အတိုင်း ကုန်ဈေးနှုန်းများတည်ငြိမ်ရေး အဖွဲ့များခွဲပြီး လုပ်ဆောင်နေသည်များရှိကြောင်း၊ ထိုအဖွဲ့များဖွဲ့စည်းပြီး လုပ်ဆောင်နေသည့်အထဲတွင် ထိုရည်ရွယ်ချက်များပါရှိကြောင်း၊ ထိုအဖွဲ့များအနေဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေအပေါ်တွင်မူတည်ပြီး အခြေခံလူတန်းစားများ၊ အခြေခံဝန်ထမ်းများအတွက် ဖြစ်သင့်သည့် ဈေးနှုန်းများကို ဖြစ်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြား သည်။
ဆက်လက်၍ Myanmar Transparency News သတင်းဌာနမှ ဦးကျော်ဇေယျာငြိမ်းက ထိုကာလအတောအတွင်း ဝန်ထမ်းများအတွက် မျှော်လင့်နေသည့် လစာအစီအစဉ်ကို ဗိုလ်ချုပ်တို့အနေဖြင့် ဖြေကြားပေးနိုင်မည်လားဟု မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ထမ်းများအတွက် မိမိတို့အနေနှင့် ယခင်နှစ်က ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျန်းမာရေးဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အိမ်ငှားခစရိတ်များ ပေးခဲ့သည်များရှိကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး တခြားသောဝန်ကြီးဌာနများကိုလည်း ဝန်ကြီးဌာနအလိုက် သက်သာချောင်ချိရေး ဆောင်ရွက်ပေးသည်များလည်းရှိကြောင်း၊ ထိုကိစ္စများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝန်ထမ်းများနှင့်ပတ်သက်ပြီး တခြားဝန်ကြီးဌာနများက ဆောင်ရွက်ပေးသည့် ဥပမာများကိုလည်း ဒုတိယဝန်ကြီးများက ပြောပြပေးစေလိုကြောင်း ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)