Skip to main content

ရေသောက်စနစ်များတွင် ရေလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၈

သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ရေလိုအပ်ချက်ဟန်ချက်ညီပေးဝေနိုင်ရန်နှင့် ရေသောက်စနစ်များတွင် ရေလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ယင်းတော်ကန် ရေဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဆည်၊ ကန်၊ ရေလှောင်တမံများ၏ ရေချိုသယံဇာတများ အလေအလွင့်မရှိစေရန်နှင့် ပြောင်းလဲသက်ရောက်လျက်ရှိသော ရာသီဥတုအခြေအနေကြောင့် သိုလှောင်ရေများ ဆုံးရှုံးမှုမရှိ အထိရောက်ဆုံးသုံးစွဲနိုင်ရေးမှာကြားပြီး ယင်းတော်ကန် ရေထုတ်ပြွန်မှ စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ချောင်းကောက်ရေလှောင်တမံ လက်ယာမြောင်းမကြီးမှ မိုးစပါးစိုက်ခင်းများအားရေပေးဝေနေမှုနှင့် မိတ္ထီလာမြို့နယ်ကွက်ငယ်အုပ်စု ဒဟက်တန်းကျေးရွာ ချောင်းကောက် ရေသောက်စနစ်အတွင်း စိုက်ပျိုးထားသည့် မနောသုခမိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ပျော်ဘွယ်မြို့နယ်ရှိ ချောင်းကောက်ရေလှောင်တမံမှ ယင်းတော်ကန်သို့ ရေကူပေးလျက်ရှိပြီး ပျော်ဘွယ်မြို့နယ်ချောင်းမကြီး ရေလှောင်တမံမှတစ်ဆင့်သာစည် မြို့နယ်အတွင်းရှိ အဓိကအရေး ပါသည့် အင်းကနက်ကန်နှင့်ညောင်ရမ်း - မင်းလှကန်များသို့ ရေကူပေးဝေလျက်ရှိသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ညောင်ရမ်းကန် အမှတ်(၄)ရေပေးမြောင်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းခွင်နှင့် မင်းလှကန်အမှတ်(၅) ရေပေးမြောင်းမှ စိုက်ပျိုးရေပေးဝေနေမှု၊ မင်းလှကန်ရေဝင်ရောက်မှု၊ ရေပေးဝေနေမှုများကိုကြည့်ရှုပြီး ရှင်းလင်းဆောင်၌ ရေအသုံးချသူများအဖွဲ့ (WUG)များ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက စိုက်ကွင်းများ ရေသွင်းရေထုတ် မှန်ကန်ရေးနှင့် ရေတင်နည်းမျိုးစုံဖြင့် စိုက်ပျိုးရေအသုံးပြုနိုင်ရေး၊ ရေအလေအလွင့်မရှိစေရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများနှင့် ရေအသုံးချသူများအဖွဲ့ (WUG)များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မိတ္ထီလာမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာခန်းမ၌ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက စိုက်ပျိုးနိုင်သည့်နေရာများတွင် မြေလွတ်မကျန် စိုက်ပျိုးနိုင်ရေးနှင့် ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုအခြေအနေအရ သီးထပ်သီးနှံများအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် အထွက်ကောင်းသက်တမ်းတို မျိုးကောင်းမျိုးသန့်များ အသုံးပြုရန်လိုအပ်ချက်များ၊ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများတိုးချဲ့ဖွင့်လှစ်ရန် တိုက်ရိုက်မျိုးစေ့ ချကိရိယာအသုံးပြုမှု သရုပ်ပြခြင်းအပါအဝင် နည်းပညာပြန့်ပွားရေးနှင့် အသိပညာပေးလုပ်ငန်းများတွင် ပုဂ္ဂလိကဝန်ဆောင်မှုအသင်း အဖွဲ့များ၏ပူးပေါင်းပါဝင်မှုဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ချက်များအားဆွေးနွေးမှာကြားသည်။

သတင်းစဉ်