Skip to main content

ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၂ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၂၈

မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့်ရန်ကုန်တို့တွင် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့သည့် ဒီပလိုမာစာရင်းကိုင် (Diploma in Accountancy - DA) (ပထမ ပိုင်း)သင်တန်း၊ အမှတ်စဉ် - ၄၂ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမမှ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ဒီပလိုမာစာရင်းကိုင် သင်တန်းသည် စာရင်းကိုင်နှင့် စာရင်းစစ်ပညာရပ်ဆိုင်ရာ အခြေခံကောင်းများကို ရရှိစေပြီး စာရင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မည့် အရေးပါသောသင်တန်းတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် စာရင်းပညာသည် အတတ်ပညာဆိုင်ရာ ပညာရပ်တစ်ခုလည်းဖြစ်သဖြင့် သင်ယူလေ့လာခဲ့ရသည့် ဘာသာရပ်များ၏အရေးပါမှုကို သိရှိနားလည်တန်ဖိုးထားပြီး ဆက်လက်လေ့လာသင်ယူကြရန်လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကျင့်ဝတ်သိက္ခာများနှင့်အညီ နိုင်ငံတော်၏ လိုအပ်ချက်များကို မိမိတို့ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်သည့် အရည်အချင်းပြည့်ဝသော စာရင်းကျွမ်းကျင်သူများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ၁၀ လ ကြာ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်သင်တန်းကျောင်းတွင် သင်တန်းသား ၂၀၀နှင့် ရန်ကုန်သင်တန်းကျောင်းတွင် သင်တန်းသား ၁၁၈ ဦး စုစုပေါင်း ၃၁၈ ဦး တက်ရောက် ပြီးမြောက်ခဲ့ကြောင်း၊ လာမည့်အောက်တိုဘာလတွင် အရည်အချင်းစစ်စာမေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်