Skip to main content

ဒုတိယဝန်ကြီး ဦးထွန်းအုံ ကျေးရွာသုံးထင်းစိုက်ခင်းနှင့် သစ်တောစိုက်ခင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် တောင်လျှော်ကန်ကြိုးဝိုင်းရှိ ကျေးရွာသုံး ထင်းစိုက်ခင်း ဧက ၅၀ နှင့် ရေဝေရေလဲစိုက်ခင်း တည်ထောင်ထားရှိမှု၊ မလှိုင်မြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲယာတွင် တစ်အုပ်တစ်မစိုက်ခင်း ကိုးဧက အောင်မြင်ရှင်သန်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒေသခံပြည်သူများ၏ သစ်နှင့်အိမ်သုံးထင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံပိုင်သစ်တောစိုက်ခင်းများနှင့် ကျေးရွာသုံးထင်းစိုက်ခင်းများ တိုးမြှင့် တည်ထောင်ရန်၊ သစ်တောစိုက်ခင်းများ ပြုစုထိန်းသိမ်းရေးကို သစ်တောသယံဇာတ ရေရှည်တည်တံ့စေသည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ဖြင့် စီမံထိန်းသိမ်းဆောင်ရွက်ရန်၊ ရှမ်းမငယ် ဆည်ရေဝေရေလဲစိုက်ခင်းအား ယခုထက် ပိုမိုအောင်မြင်ရှင်သန်အောင် ဆောင်ရွက် ရန်နှင့် သဘာဝတောကျန်များကိုလည်း အလေးထား ထိန်းသိမ်းကာကွယ်ရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေးအမြန်လမ်း တံတားဦးမြို့နယ် မိုင်တိုင်အမှတ်(၃၅၂)ရှိ လမ်းဘေးဝဲယာအပင်ကြီး ၃၈၀၀ စိုက်ခင်း တည်ထောင်ထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုသိမ်ကြီးမြို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန စန္ဒကူးခန်းမ၌ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ခံ အရာထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၁)ရှိ တိုးပွားမန်း ဓာတ်မြေဩဇာစက်ရုံကို လည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်း၊ အမှတ်(၁၀၃) သစ်စက်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး ညနေပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာ့သစ်လုပ်ငန်းနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာအောင် အမြဲကြိုးစားရေးနှင့် နိုင်ငံ့ဝန်ထမ်းများ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်