နေပြည်တော် သြဂုတ် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
(ယမန်နေ့မှအဆက်)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် မိမိအနေဖြင့် အပိုင်းနှစ်ပိုင်း ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း၊ ပထမပိုင်းအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဓိက တာဝန်ယူဆောင်ရွက်နေသည့် ပြည်ပပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် အပိုင်းများ၊ ဒုတိယဝန်ကြီးများ ရှင်းလင်းခဲ့သည့် ကုန်စည်ဈေးနှုန်းနှင့် ပတ်သက်သည့်အပိုင်းများကို လည်း ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဘဏ်စနစ်ကိုသုံးစွဲပြီး ကုန်သွယ်မှုဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန်ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၃) ရပ်ကိုလည်း ပြောကြားသွားပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အဓိကပို့ကုန်၊ သွင်းကုန်ကိစ္စဆောင်ရွက်သည့်အခါ အဓိကပို့ကုန်ပိုင်းမှာ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးကို အခြေခံထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ပို့ကုန်နှင့်ပတ်သက်သည့် မူဝါဒသည် ပြည်တွင်း၌ ဖူလုံပြီး ပိုလျှံလျှင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိအနေအထားမှာ ရှေ့တွင်ဆွေးနွေးခဲ့သကဲ့သို့ လက်ရှိသုံးစွဲနေသည့် ဒေါ်လာငွေသုံးစွဲမှုကိုလျှော့ချပြီး အခြား အိမ်နီးချင်းနိုင်ငံများနှင့် မိမိတို့နိုင်ငံ၏ ငွေကြေးများကိုသုံးစွဲပြီး ကုန်သွယ်မှုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဗဟိုဘဏ်၊ FESC ကော်မတီတို့က ဆောင်ရွက်ထားကြကြောင်း၊ ၎င်းအပေါ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း လိုက်ပါဆောင်ရွက်နေသည့် အခြေအနေများ ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် သုံးစွဲသည့် မြန်မာကျပ်ငွေဘဏ်စနစ်ကို သုံးစွဲရန်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဘဏ်စနစ်ကိုသုံးစွဲပြီး ကုန်သွယ်မှုကို ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ နိုင်ငံတော်၏မူဝါဒဖြစ်ခြင်းကြောင့် ဘဏ်စနစ်ကို ဆောင်ရွက်သည့်အခါ ဘတ်နှင့်ကျပ်ငွေ ဆောင်ရွက်ရန်ကိစ္စကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကစပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းလွှာထုတ်ပြန်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံက ပို့ကုန်တင်ပို့သည့်ငွေများ၊ အခြားရငွေဖြစ်သည့် နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်သည့်သူများလည်း ရှိသည့်အတွက် ထိုငွေနှင့်ရသည့်ငွေများကို ဘဏ်ထဲသို့ သတ်မှတ်သည့် လုပ်ထုံးလုပ်နည်းစနစ်များနှင့် ထည့်သွင်းဆောင်ရွက်ရကြောင်း၊ ဘဏ်ထဲရောက်နေသည့်ဘတ်ကို သွင်းကုန်ဆောင်ရွက်သည့်အခါ ဘဏ်စနစ်ကို သုံးပြီးဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ခြင်းရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုများဆောင်ရွက်သည့်အခါ ယွမ်နှင့်ကျပ်ငွေကို ဘဏ်စနစ်သုံးပြီး ဆောင်ရွက်နိုင်ရန် သတင်းလွှာထုတ်ပြန်ခဲ့ခြင်းရှိကြောင်း၊ ယင်းသတင်းလွှာထုတ်ပြန်ပြီး ရရှိသည့် ငွေကြေးယွမ်ကို သတ်မှတ်သည့်ဘဏ်များ၌ ဘဏ်ကိုအသုံးပြုပြီး သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရန် လုပ်ဆောင်ပေးခဲ့ကြောင်း၊ ပြီးခဲ့သည့်ကာလတွင် ပို့ကုန်နှင့်ပတ်သက်ပြီး မိမိတို့က ပို့ကုန်များများ တင်ပို့နိုင်ရန်နှင့် ပို့ကုန်တင်ပို့နိုင်မှသာလျှင် ထိုပို့ကုန်မှရငွေဖြင့် သွင်းကုန်များကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပို့ကုန်များကို တိုးမြှင့်တင်ပို့နိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးအလေးပေး ဆောင်ရွက်ထားကြောင်း ပြောကြားသည်။
နယ်စပ်ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းများတွင် ယခင်ကပို့ကုန်ရငွေ MFTB ကို သက်ဆိုင်ရာငွေကြေးနှင့် ပို့ကုန်ရငွေ ရရှိပြီးမှသာ ပို့ကုန်ခွင့်ပြုခြင်းကို ဆောင်ရွက်ပါကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များ ပိုပြီးလွယ်ကူချောမွေ့စေရန်အတွက် ထိုငွေအစားကို မြန်မာကျပ်ငွေနှင့် သက်ဆိုင်ရာဘဏ်ထဲရှိ ၎င်းတို့၏ မြန်မာကျပ်ငွေရှိထားသည်ဆိုလျှင် မြန်မာကျပ်ငွေ Deposit ထားလျှင် Deposit အပေါ်မူတည်ပြီး တင်သွင်းမည့်ပစ္စည်းများကို မိမိတို့အနေဖြင့် ခွင့်ပြုပြီး ဖြေလျှော့ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းကြောင့် ပို့ကုန်လုပ်ငန်းပိုင်းတွင် ပိုပြီးလျင်မြန်ချောမွေ့စေရေးကို အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခဲ့ခြင်းရှိကြောင်း၊ ထို့အတူ မြဝတီလမ်းကြောင်းတွင် မြေပြိုကျမှုဖြစ်ပြီး လမ်းကြောင်းဆက်သွယ်မှု ပြတ်တောက်သွားကြောင်း၊ လမ်းကြောင်းပြတ်တောက်သွားသည့်အတွက် ထိုင်းနိုင်ငံကိုတင်ပို့သည့် ပို့ကုန်များအပြင် အခြားနိုင်ငံများသို့ တင်ပို့နေသည့် ကုန်ပစ္စည်းများ ရပ်တန့်မှုမရှိစေရေးအတွက် အချိန်နှင့် တစ်ပြေးညီ မြဝတီပို့ကုန်လိုင်စင်ယူထားသည်ဆိုလျှင်၊ မြဝတီလမ်းကြောင်းမှ မပို့နိုင်တော့ဘူးဆိုလျှင် အခြားလမ်းကြောင်း၊ ပင်လယ်ရေကြောင်းမှဖြစ်စေ အခြားစခန်းများမှ တင်ပို့နိုင်ရန်အတွက် သတင်းလွှာကို အချိန်မီထုတ်ပြန်၍ သက်ဆိုင်ရာလုပ်ငန်းရှင်များကို အသိပေးပြီး ပို့ကုန်တင်ပို့နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ သွင်းကုန်ပိုင်းတွင် အဓိကသွင်းကုန်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် သွင်းကုန်ကုန်ကြမ်းအဖြစ် တင်သွင်းကာ ကုန်ချောထုတ်နိုင်မည့်လုပ်ငန်းများကို သွင်းကုန်လိုင်စင်များ ပိုမိုဆောင်ရွက်ပေးခြင်း ရှိကြောင်း၊ သွင်းကုန်အစားထိုး ကုန်ကြမ်းတင်သွင်းပြီး ထုတ်လုပ်ကြောင်း၊ ထုတ်လုပ်လိုက်သည့်ပစ္စည်းက ပြည်ပမှတင်သွင်းသည့် ကုန်ချောများကို အစားထိုးနိုင်ရန်အတွက် သွင်းကုန်မူဝါဒမှာလည်း မူဝါဒနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း၊ MSME ၏ ထုတ်လုပ်သည့် ကုန်ပစ္စည်းများမှာ ပြည်ပမှ မဖြစ်မနေ တင်သွင်းရသည့်ကုန်ပစ္စည်းများရှိကြောင်း၊ ဥပမာ- သွင်းအားစုကဲ့သို့ ဓာတ်မြေဩဇာမှစပြီး စက်မှုကုန်ကြမ်းပစ္စည်း စသည်တို့ကို သွင်းကုန်အနေဖြင့် ဆောင်ရွက်ပေးရန်ကိစ္စများကို လွယ်ကူချောမွေ့အောင်လုပ်ပြီး ဆောင်ရွက်ပေးသည့် အပိုင်းများရှိကြောင်း ပြောကြားသည်။
ဒုတိယအပိုင်းအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပကုန်သွယ်ရေးတင်မက ပြည်တွင်းကုန်သွယ်ရေး ကိစ္စဆောင်ရွက်သည့်အခါ တက်ရောက်လာသည့် သတင်းမီဒီယာများ စိတ်ဝင်စားမည့် ကုန်ဈေးနှုန်းကိစ္စများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်နေသည့် အပိုင်းများကိုလည်း ဆက်ပြီးဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၏ အဓိက အခြေခံအကြောင်းတရားများကို ကြည့်မည်ဆိုလျှင် ကုန်စည်ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းများရှိကြောင်း၊ သွင်းအားစုဈေးကြီးမြင့်ခြင်းကြောင့် ကုန်ထုတ်လုပ်မှု ဈေးမြင့်ခြင်းများရှိကြောင်း၊ ဝိသမလောဘ သားများက မမှန်မကန် ကောလာဟလသတင်းများ ထုတ်လွှင့်ပြီး ဈေးကစားခြင်းတို့ကြောင့် ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိကြောင်း ပြောကြားသည်။
ကုန်ဈေးနှုန်းကြီးမြင့်မှု
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှု အများစုသည် ဝိသမလောဘသားများ၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်ကို အဓိကတွေ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဈေးကစားနေသူများကို ထိထိရောက်ရောက်အရေးယူရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အတူ အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန်နှင့် ကုန်ပစ္စည်းပြတ်လပ်မှုများ မရှိစေရေးအတွက် ပိုမိုထိရောက်အောင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ မူလတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရက လုပ်ငန်းစဉ်များကို ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်ပြီး ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌လည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီများ ပြင်ဆင်ဖွဲ့စည်းပြီး စားနပ်ရိက္ခာပြည့်ပြည့်ဝဝ ထုတ်လုပ်နိုင်ရန် ထိထိရောက်ရောက် ကူညီပံ့ပိုးဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအနေဖြင့် ဒေသအသီးသီးတွင် ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းများကို နေ့စဉ်စိစစ်ပြီး လိုအပ်သည့် ထိန်းကျောင်းမှုများကို စီမံဆောင်ရွက်နေကြောင်း ပြောကြားသည်။
လယ်ယာထွက်ကုန်သွင်းအားစု လုံလောက်အောင်ပံ့ပိုးပေးနေ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် အဓိက ဆန်စပါးအပါအဝင် ပဲ၊ ပြောင်း၊ နှမ်း အစရှိသည့် လယ်ယာထွက်ကုန်သီးနှံများထွက်ရှိမှုသည် လက်ရှိပြည်တွင်းစားသုံးမှု လုံလောက်သည့်အပြင် ပြည်ပကို တင်ပို့ရောင်းချနိုင်သည့် အခြေအနေဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန်မူဝါဒအရ သွင်းအားစုများနှင့် ပတ်သက်ပြီး နိုင်ငံတော်မှ စိုက်ပျိုးထုတ်လုပ်မှုကို အားပေးသည့်အနေဖြင့် သွင်းအားစုများကို ခွင့်ပြုဆောင်ရွက်နေခြင်းများရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ယခင်နှစ်တွင် ဓာတ်မြေဩဇာအမျိုးမျိုး တင်သွင်းခြင်းကို တန်ချိန် ၃ သိန်းကျော်ခန့် တင်သွင်းခဲ့ကြောင်း၊ ယခုနှစ်တွင် ၆ သိန်းခန့် (၂ဆနီးပါး) တင်သွင်းပြီး လယ်ယာထွက်ကုန်သွင်းအားစုအတွက် လုံလောက်အောင်ပံ့ပိုးပေးနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။
အထူးသဖြင့် မိမိတို့မတတ်နိုင်သည့် သဘာဝဘေးအန္တရာယ်သည် နိုင်ငံအသီးသီး၌ ယခုနှစ်တွင် အယ်နီညို၏ သက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့စားရေရိက္ခာ ထုတ်လုပ်မှုများ ထိခိုက်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့်လည်း ကြိုတင် လေ့လာဆန်းစစ်မှုများကို ပြုလုပ်ထားကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားရေရိက္ခာအထွက်နှုန်းများ လျော့ကျမည်ကို ခန့်မှန်းထားကြောင်း၊ သို့သော် မြန်မာနိုင်ငံသည် အီကွေတာ၏ မြောက်ဘက်ခြမ်းတွင် တည်ရှိသည့်အတွက်ကြောင့် အယ်နီညို စတင်သည့်ကာလ ခန့်မှန်းခြေသည် လာမည့် အောက်တိုဘာလခန့်တွင် ဖြစ်မည်ဟု ခန့်မှန်းကြောင်း၊ နိုဝင်ဘာလတွင် မိုးစပါးပေါ်မည်ဖြစ်ကြောင်း၊ အောက်တိုဘာလခန့်တွင် အယ်နီညိုစဝင်မှာဖြစ်သည့်အတွက် မိုးစပါးကို ထိခိုက်နိုင်ခြေမရှိဟု ခန့်မှန်းရကြောင်း၊ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ဆန်လက်ကျန်သည် မြေပြင်လက်ကျန်တွက်ချက်မှုအရ တန်ချိန် ၃ ဒသမ ၅ သန်းကျော်ခန့် ကျန်ရှိနေသည်ဟု တွက်ချက်၍ရကြောင်း၊ ယင်းပမာဏသည် လာမည့်နိုဝင်ဘာလ မိုးစပါးထွက်ရှိသည့် ကာလအထိ ပြည်တွင်းတွင် ဆန်ဖူလုံမှုရှိနိုင်သည်ကို တွေ့ရှိရကြောင်း၊ တစ်ဖက်တွင် ပြည်တွင်းဆန်ဈေးနှုန်း ကြီးမြင့်နေခြင်းကို ထိန်းကျောင်းနိုင်ရန် မိမိတို့က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းပြီး တိုက်ရိုက်ရောင်းချခြင်းများအပြင် နိုင်ငံတော်အနေဖြင့် အရန်ဆန်စုဆောင်းသည့် အစီအမံကိုလည်း ဆောင်ရွက်နေသည်ကို ပြောကြား လိုကြောင်း၊ ထို့အတူ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း အစရှိသည့် လယ်ယာထွက်ကုန်များကိုလည်း ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့ တင်ပို့နိုင်သည့်ပမာဏများ ကျန်ရှိနိုင်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး တွက်ချက်သည့်အခါ ပိုလျှံလုံလောက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ နေ့စဉ်အသုံးပြုနေသည့် စက်သုံးဆီ၊ စားအုန်းဆီများကို ပြည်ပမှ တင်သွင်းမှုများအပေါ် ဈေးနှုန်းကြီးမြင့် မှုမရှိစေရေးအတွက် သက်ဆိုင်ရာကော်မတီများက ဖြစ်ပေါ်လာသည့် ကမ္ဘာ့ဈေးနှုန်းများ၊ အခြေခံဈေးနှုန်းများကို နိုင်ငံခြားငွေကိုလည်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဝယ်ယူခွင့်ပြုထားပြီး ရောင်းချမည့် ဈေးနှုန်းများကိုလည်း သတ်မှတ်ပြီး ဆောင်ရွက်နေသည်ကိုလည်း ရှင်းလင်းတင်ပြလိုကြောင်း ပြောကြားသည်။
Global Business သတင်းဌာနမှ ဒေါ်ပိုးသိင်္ဂီကျော်က ယခုကဲ့သို့ ကြီးမားသည့် အကြောင်းအရာများထဲတွင် နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် ပို့ကုန်များ မြှင့်တင်ရန် အားပေးနေသည်ကိုလည်း တွေ့ရပါကြောင်း၊ ပို့ကုန်သမားများသည် နိုင်ငံ့ဝင်ငွေရှာသည့်သူများ ဖြစ်သည့်အတွက် အားပေးသင့်ကြောင်း၊ သို့သော် မိမိတို့အမြင်မှာ လက်တွေ့တွင် သွင်းကုန်သမားများသည်လည်း နိုင်ငံခြားငွေဝယ်ခွင့် ရှိပါကြောင်း၊ သွင်းကုန်များသွင်းကြကြောင်း၊ ပို့ကုန်သမားများသည် ရငွေကို ယခင်က ၆၅ ရာခိုင်နှုန်း၊ ယခု ၅၀ ရာခိုင်နှုန်း အစိုးရဈေးနဲ့ လဲလှယ်ရပါကြောင်း၊ အကျိုးခံစားမှုနည်းတယ်ဆိုသည့် အသံတွေလည်းကြားရပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပို့ကုန်သမားများကို ဖြေလျှော့ပေးရန် ရှိ/မရှိနှင့် အစိုးရ၏သဘောထားကို သိရှိလိုကြောင်း၊ လက်ရှိမှာ အခြေခံစားကုန်တွေဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်အပါအဝင် အသား၊ ငါးဈေးတွေလည်းမြင့်တက်နေပြီး စက်သုံးဆီ၊ ဒီဇယ်ဈေးတွေလည်းတက်၊ ရွှေဈေး ဒေါ်လာဈေးတွေလည်း မြင့်တက်နေပါကြောင်း၊ အဲဒီအပေါ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကဏ္ဍတစ်ခုချင်းစီအလိုက် ဈေးနှုန်းများကျပြီး ပြည်သူတွေအဆင်ပြေလာစေရန် မည်သို့ဆောင်ရွက်ပေးသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က ပို့ကုန်သွင်းကုန်ကိစ္စကို မိမိအနေဖြင့် ကနဦးပြောသွားသည့်အထဲတွင် ပါပြီးဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းလည်း ပြောသွားပါကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်လည်း ပြောသွားပါကြောင်း၊ သွင်းကုန်သမားများကို မိမိတို့အနေဖြင့် မရှိမဖြစ်လိုအပ်သည့် သွင်းကုန်ဖြစ်သည့် ဆီ(၂)ဆီသည် မိမိတို့နိုင်ငံတွင် လုံလောက်မှုမရှိကြောင်း၊ စားသုံးဆီ၊ စက်သုံးဆီ အမှန်တကယ်လိုအပ်ကြောင်း၊ ဆေးဝါးဆိုလျှင် သွင်းကုန်သမားများအနေဖြင့် အထူးအခွင့်အရေးပေးထားကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးထားရာတွင် ပို့ကုန်သမားများအတွက် ယခင်က ၁၀၀ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် ပြန်လဲရကြောင်း၊ ၆၅၊ ၃၅ ဖြေလျှော့ကြောင်း၊ ယခုနောက်ဆုံး ၅၀၊ ၅၀ ဖြေလျှော့ခဲ့ကြောင်း၊ ၎င်းငွေထဲမှ ၅၀၊ ၅၀ ဖြေလျှော့သည့်အခါမှာ ၅၀ ရာခိုင်နှုန်းသည် သတ်မှတ်ရည်ညွှန်းဈေး ကျပ် ၂၁၀၀ ဈေးဖြင့် အစိုးရကိုသွင်းရကြောင်း၊ နောက်ထပ် ၅၀ ရာခိုင်နှုန်း ကျန်သည့်ငွေများကို ပို့ကုန်သမားနှင့် သွင်းကုန်သမားများ မချိတ်ဆက်နိုင်ပါက ဘဏ်ကိုပြန်သွင်းရကြောင်း၊ ၎င်းတို့ထံမှ ပြန်ဝယ်သည့်ဈေးသည် ၂၉၀၀ ဈေးဖြင့်ဝယ်ကြောင်း၊ ၂၉၂၂ ကျပ်ဖြင့် ပြန်ရောင်းပေးကြောင်း၊ သို့သော် ပြည်သူလူထုကို နားလည်အောင် ဝိသမလောဘဆိုပြီး ဒုတိယဝန်ကြီးများနှင့် အမြဲတမ်းအတွင်းဝန်များ ဆွေးနွေးသည့်အခါမှာ ပြောကြကြောင်း၊ အစိုးရက သာမန်ရိုးသားသည့် ကုန်သည်များကို ဝိသမလောဘသားဟု စွပ်စွဲသည်ဆိုသည့် ခေါင်းစဉ်များ တပ်လာကြောင်း၊ အစိုးရက ၂၉၂၀ ကျပ်ဖြင့်ဝယ်၍ ၂၉၂၂ ကျပ်နှင့် ပြန်ရောင်းပေးကြောင်း၊ ၂ ကျပ်သာ ကွာကြောင်း၊ ထို ၂ ကျပ်သည်လည်း လုပ်ငန်းဆောင်ရွက်မှုအတွက်သာ ဖြစ်ကြောင်း၊ သို့သော် ယခုလက်ရှိ ပြင်ပမှာပေါက်နေသည့် ဒေါ်လာပေါက်ဈေး ၃၅၀၀ ကျပ်ကျော်ဖြင့် အနည်းဆုံး ညှိပြီးရောင်းနေကြောင်း၊ ၎င်းတို့ကို မိမိတို့က ဝိသမလောဘသားဟု မခေါ်လျှင် မည်သူများကိုခေါ်ရမည်ကို ဖြေပေးစေလိုကြောင်း၊ အစိုးရအနေဖြင့် စွပ်စွဲနေခြင်းမဟုတ်ကြောင်း၊ အထောက် အထားများဖြင့်သာ ပြနေခြင်းသာဖြစ်ကြောင်း၊ ၎င်းကိစ္စများနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် ထိုက်သင့်သည့်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အားလုံးသိထားပြီးသားဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်ထဲတွင် မီဒီယာများနှင့် လက်ရှိအခန်းထဲတွင် ပထမဆုံးဦးတည်ဆွေးနွေးရသည့် လုပ်ငန်းသည် ဘဏ်ကိစ္စဖြစ်ကြောင်း၊ မီဒီယာများမှလည်း အထောက်အထားများဖြင့် ပြောကြကြောင်း၊ ဘဏ်များတွင် လူများစုပြုံပြီး ငွေထုတ်ခြင်း စသည်ဖြင့် ဘဏ်စနစ်ကို ပထမဆုံးပြိုလဲအောင် တိုက်ခိုက်ခဲ့ကြောင်း၊ ဘဏ်စနစ်ပြိုလဲပြီဆိုလျှင် တိုင်းပြည်၏ စီးပွားရေးသည်လည်း ပြိုလဲပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဦးတည်ပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဘဏ်စနစ်ကို ပြိုလဲအောင် တိုက်ခိုက်သည့်အချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ဘဏ်စနစ်ပြိုလဲသွားလျှင် တိုင်းပြည်၏စီးပွားရေး ပြိုလဲမှာဖြစ်သည့်အတွက်ကြောင့် ယခုလက်ရှိ ရှိနေသည့်ဘဏ်များကို မိမိတို့အနေဖြင့် အကူအညီပေးခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အကူအညီပေးနိုင်သမျှ အကူအညီ အားလုံးကိုပေးခဲ့ကြောင်း၊ ဗဟိုဘဏ်မှထောက်ပံ့ပြီး ရပ်တည်ခဲ့ရကြောင်း၊ ယခုအချိန်တွင် ထိုအချိန်က အကူအညီရယူခဲ့သည့် တချို့သောဘဏ်များသည် သစ္စာမရှိသည်ကို တွေ့ရကြောင်း၊ တည်ငြိမ်ရေး နှင့်ပတ်သက်ပြီး ဘဏ်များ၊ UMFCCI တို့နှင့် မိမိတို့ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့လုပ်ဆောင်ချက်ကို မိမိတို့အနေဖြင့် ကြည့်မည်ဖြစ်ကြောင်း၊ ပို့ကုန်သမားများကို မိမိတို့ တဖြည်းဖြည်း ဖြေလျှော့ပေးခြင်းများရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း ပို့ကုန်တွေနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်နေကြောင်း၊ အမြဲတမ်းပြည်ပပို့ကုန်တွေ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် စီးပွားရေးဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME များကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပို့ကုန်ပို့သူများကို ပိုပြီးအကျိုးရှိစေရန် အားပေးချီးမြှင့်နိုင်ရေးကို စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယမေးခွန်းကို ဆက်လက်ဖြေကြားရမည်ဆိုပါက ကဏ္ဍအလိုက် ကုန်ဈေးနှုန်းကြီးမားမှုနှင့် ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းသွားပြီးဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ခြင်းသည် အမြတ်လိုချင်၍ လုပ်ခြင်းဖြစ်ကြောင်း၊ ထိုက်သင့်သောအမြတ်သာဖြစ်သင့်ကြောင်း၊ ဆန်၊ စပါးဈေး နှင့်ပတ်သက်ပြီး ပြောရလျှင် သွင်းကုန်သွင်းအားစုဈေး မြင့်တက်၍ဖြစ်ကြောင်း၊ ဆန်၊ စပါးစိုက်ပျိုးသည့်အခါ သွင်းအားစုရှိကြောင်း၊ ဓာတ်မြေဩဇာများ ထည့်သွင်းရခြင်းများရှိကြောင်း၊ ပိုးသတ်ဆေး ပက်ဖျန်းရခြင်းများလည်းရှိကြောင်း၊ သို့သော် ဓာတ်မြေဩဇာနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် မည်သို့တင်သွင်းနေရကြောင်း၊ မည်ကဲ့သို့ ဦးစားပေးပြီး မည်သည့်ဈေးဖြင့် ဝယ်ရသည်ကို နှိုင်းယှဉ်လို့ရကြောင်း၊ ၂၀၂၁ ခုနှစ် မိုးစပါးရောင်းဈေးသည် ၉ သိန်းနှင့် ၁၀ သိန်းရှိ ကြောင်း၊ ယခုနှစ်တွင် ၁၇ သိန်း ၁၈ သိန်းရှိကြောင်း၊ ထိုဈေးနှုန်းသည် လယ်သမားများရောင်းချသည့် ဈေးဖြစ်ကြောင်း၊ ဧည့်မထစပါးသည် ယခင်က ၅၃၀၀၀၀၊ ယခုဆိုလျှင် ၁၈ သိန်းဝန်းကျင်ရှိကြောင်း၊ မည်သည့်အတွက်ကြောင့် ဖြစ်သလဲဆိုလျှင် တစ်ကမ္ဘာလုံးမှာ အယ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် အချို့သော ဆန်စပါး အဓိကပို့ဆောင်နေသည့် နိုင်ငံကြီးများသည် ၎င်းတို့၏ ပြည်တွင်းဖူလုံရေးကို အဓိကထားပြီး ဆန်စပါးတင်ပို့မည့်ကိုယ်တာများကို လျှော့ချ လိုက်ခြင်းရှိကြောင်း၊ ကမ္ဘာ့ဆန်ဈေးကြီးလာနိုင်သည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ဆွဲတင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒသည်ရှင်းကြောင်း၊ ပြည်တွင်းဖူလုံရေးကိုသာ ဦးစားပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ စားရေရိက္ခာပြည့်စုံဖူလုံမှ နိုင်ငံခြားသို့ပို့သည့်ကိစ္စကို ဒုတိယဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒထိန်းညှိပေးရန် မိမိတို့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)