နေပြည်တော် ဩဂုတ် ၂၇
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ လယ်ဝေးခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်သည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာကြားကြသည်။
ဆက်လက်၍ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးမင်းဦးက လည်းကောင်း၊ မြို့ဦး တိုက်သစ် သံလမ်းကျောင်း ဆရာတော်ထံ စစ်ဦးစီး အရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က လည်းကောင်း၊ သရက်တောကျောင်း ဆရာတော်ထံ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကလည်းကောင်း လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများကို ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီး ပေးအပ်လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်တို့က လက်ခံရယူကြသည်။ ယင်းနောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)မှ တပ်မတော်အရာရှိကြီး တစ်ဦးက ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းသည်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလ ရှင်ကျောင်းများနှင့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ် လှူဒါန်းလျက်ရှိပြီး ယနေ့ လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၁၈၃ သိန်း ၁ သောင်းကျပ်၊ ဆန် ၆၃၃ အိတ် ၁၆ ပြည်၊ ဆီ ၁၉၀ ဒသမ ၁ ပိဿာ၊ ပဲ ၁၉၀၁ ပိဿာ၊ ဆား ၁၉၀၁ ပိဿာ၊ ရှမ်းရိုးမအကြောပြေ လိမ်းဆေးဘူး ၇၂၀၊ တောရှောက်လိမ်းဆေး ဒါဇင် ၃၀၊ တမာယားနာဆေး ဒါဇင် ၂၀၀ တို့ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်