နေပြည်တော် ဩဂုတ် ၂၇
တိုင်ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဩဂုတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများ၌ ဌာနေတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲတွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဝန်ထမ်းများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် တိုးတက်ခိုင်မာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေး ဦးတည်ချက်ဖြစ်သည့် တစ်နိုင်ငံလုံးအသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေးနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြုစေရန် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်နိုင်ရေးနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်စွာ တင်ပြဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ချင်း(အရှို)စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့က တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးတို့က ကရင်၊ ချင်း (အရှို)၊ မွန်နှင့် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ကို တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေများ ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
၂၀၂၃-၂၀၂၄ခုနှစ်တွင် တိုင်းရင်းသားဘာသာသင် Teaching Assistant (TA)နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားရာ၌ တစ်နိုင်ငံလုံး (၂၂၄၅) ဦးအနက် ဧရာဝတီတိုင်းဒေသကြီးတွင် စုစုပေါင်း(၇၂၄)ဦး ရွေးချယ်ခံရသည့်အတွက် (၃၂ဒသမ၂၅) ရာခိုင်နှုန်းရှိပြီး ပဲခူးတိုင်းဒေသကြီးတွင် တိုင်းရင်းသားဘာသာသင် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများ ခန့်ထားရာ၌ စုစုပေါင်း(၈၈)ဦး ရွေးချယ်ခံရသည့်အတွက် (၃ ဒသမ ၉)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
(သတင်းစဉ်)