Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၈)အထည်စက်ရုံခွဲ (ရမည်းသင်း) ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဩဂုတ် ၂၇

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ်(၈) အထည်စက်ရုံခွဲ (ရမည်းသင်း)ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်များဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ “ပြည်တွင်းအထည်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် အားပေးဆောင်ရွက်ရန်၊ ပြည်တွင်းရက်ကန်းလုပ်ငန်းများအတွက် အဆင့်မြင့် အရည်အသွေးပြည့်မီသော ချည်ထည်များ ထုတ်လုပ်နိုင်ရန်၊ အထည်ရက်လုပ်ငန်းများအတွက် လိုအပ်သည့်ချည်များကို ပြည်ပမှတင်သွင်းမှုကို လျော့ချပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ ရရှိသည့် ချည်နှင့်ပိတ်များမှ ဆေးဆိုး၊ ဆေးရိုက် အထည်ရက်ရန်၊ ပြည်တွင်း ကျား/မဝတ် လုံချည်၊ ပုဆိုး၊ စောင်၊ ခြင်ထောင်၊ စွပ်ကျယ်စသည်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် ဟု လမ်းညွှန်မှုပြုထားကြောင်း၊ ထို့ကြောင့် ပြည်တွင်းရှိ အထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပိုမိုကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ကုန်ချောလက်ကျန်များ ကုန်စင်အောင် ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ဆက်စပ်ဝန်ကြီးဌာနများအချင်းချင်း အမှာစာများ တိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိထုတ်ကုန်ပစ္စည်းများကို အများပြည်သူသိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများကိုလည်း စီမံဆောင်ရွက်ထားရန်၊ အရည်အသွေး၊ ထုပ်ပိုးမှုစနစ်ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားပြီး စက်ရုံအတွင်းရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)