နေပြည်တော် သြဂုတ် ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၂ ရက်မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
(ယမန်နေ့မှအဆက်)
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မိမိအနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသော အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၀ (ခ) အရ ဖော်ပြပါရှိသည့်အတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းတို့ကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော်မှချမှတ်ထားသော ဘဏ္ဍာရေးမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ဘဏ္ဍာရေးမူဝါဒတွင် အဓိကပါဝင်သော မူဝါဒများမှာ အခွန်အကောက်ဆိုင်ရာမူဝါဒများနှင့် အသုံးစရိတ်ဆိုင်ရာမူဝါဒများဖြစ်ကြောင်း၊ ယင်းတို့ကို နှစ်စဉ်မူဝါဒများချမှတ်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ချမှတ်ထားသောမူဝါဒများကို အချိန်ကိုငဲ့ညှာသောအားဖြင့် မတင်ပြတော့ကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ တရားဝင် Website ဖြစ်သော MoPF Website www.mopf.gov.mm တွင် လေ့လာကြည့်ရှုနိုင်ကြောင်း ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပိုင်း ပြည်ပချေးငွေရယူခြင်းမရှိကြောင်း၊ ပြည်ပထောက်ပံ့ငွေရရှိမှု အနည်းအကျဉ်းရှိကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာရေးမူဝါဒများတွင် ဖော်ပြပါရှိသည့်အတိုင်း အခွန်အကောက်ဆိုင်ရာမူဝါဒများနှင့် အသုံးစရိတ်မူဝါဒများကို သက်ဆိုင်ရာဌာနများနှင့် မျက်ခြည်မပြတ် ထိန်းညှိဆောင်ရွက်လျက်ရှိကြောင်း၊ အခက်အခဲများ၊ စိန်ခေါ်မှုများရှိသော်လည်း နိုင်ငံတော်အတွက် ရငွေများတိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်းနှင့် အသုံးစရိတ်များကို စနစ်တကျနှင့်အလေအလွင့်မရှိအောင် စိစစ်သုံးသပ်သုံးစွဲခြင်းတို့ကို အလေးထားပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဘတ်ဂျက်လိုငွေ များပြားနေမှုအခြေအနေကို သက်သာစေအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။
ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးများ ကျဆင်းအောင်ဆောင်ရွက်ခဲ့
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီရာခိုင်နှုန်းကို တင်ပြလိုကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပထမမူလခန့်မှန်းခြေဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်မည်ဟု မိမိတို့ခန့်မှန်းခဲ့ကြောင်း၊ နှစ်ကုန်ပြီးတွင် အမှန်ဖြစ်ပေါ်ခဲ့သည့် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီရာခိုင်နှုန်းမှာ ၆ ဒသမ ၂၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အလားတူ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် မူလခန့်မှန်းခြေ ၅ ဒသမ ၂၉ ရာခိုင်နှုန်း ခန့်မှန်းခဲ့သော်လည်း အမှန်ဖြစ်ပေါ်ခဲ့သည့် ရာခိုင်နှုန်းမှာ ၇ ဒသမ ၅၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တင်ပြပါ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များသည် ကိုဗစ်-၁၉ ကာလဖြတ်သန်းနေချိန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ယင်းနှစ်များတွင် ဘတ်ဂျက်လိုငွေများပြားခဲ့ပြီး ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးလည်း မူလခန့်မှန်းခြေထက် မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ်ကိုပြောင်းလဲပြီး ဆောင်ရွက်ခဲ့သည့်အခါတွင် ခြောက်လဘတ်ဂျက်တွင် ဘတ်ဂျက်လိုငွေရာခိုင်နှုန်းမှာ မူလခန့်မှန်းခြေသည် ၅ ဒသမ ၀၇ ရာခိုင်နှုန်းခန့်မှန်းခဲ့ကြောင်း၊ ခြောက်လနှစ်ကုန်သည့်အချိန်တွင် ရှေ့ပြေးအမှန်ရရှိသည့် စာရင်းအရဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိကြောင်း၊ ပြီးခဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးသည် နှစ်စတွင် ၅ ဒသမ ၉၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း နှစ်ကုန်တွင် ယာယီအမှန်စာရင်းအရ ၂ ဒသမ ၉၇ ရာခိုင်နှုန်းသာရှိကြောင်း၊ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးများ ကျဆင်းအောင် ဆောင်ရွက်ခဲ့မှုအခြေအနေကို အကျဉ်းချုပ်ပြီး တင်ပြခြင်းဖြစ်ကြောင်း ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့မှုအခြေအနေအရ အခြားကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံတွင်လည်း စီးပွားရေးကျဆင်းခဲ့ကြောင်း၊ ကျဆင်းခဲ့သည့်စီးပွားရေးကို ပြန်လည်မြှင့်တင်နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းများကိုလည်း တင်ပြလိုကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အနုတ်(-) ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခြောက်လဘတ်ဂျက်တွင် အနုတ်(-)ပြနေသော စီးပွားရေးကို ပြန်လည်ပြီးတိုးတက်အောင် ဆောင်ရွက်ခဲ့ရာ ၂ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နှစ်ကုန်စာရင်းအရ ၃ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်တိုးတက်ခဲ့ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်စီးပွားရေးဦးတည်ချက်များချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်းရရှိမည်ဟု မျှော်မှန်းထားကြောင်း ပြောကြားသည်။
ဘဏ္ဍာရေးမူဝါဒများဖြင့် ပံ့ပိုးဆောင်ရွက်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော စီးပွားရေးဦးတည်ချက်များကို အထောက်အကူပြုရန်နှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဖော်ဆောင်နိုင်ရန်အတွက် ဘဏ္ဍာရေးမူဝါဒများဖြင့် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ရငွေနှင့် အသုံးစရိတ်များကို ထိရောက်ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာအသီးသီး၏ ရငွေ၊ သုံးငွေများကို သုံးလပတ်အလိုက်စောင့်ကြည့်သုံးသပ်ပြီး အစီရင်ခံတင်ပြလျက်ရှိကြောင်း၊ ယခင်ရယူခဲ့သည့် ပြည်ပကြွေးမြီများကိုလည်း အချိန်စေ့ရောက်သည့်အချိန်တွင် တာဝန်သိနိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေအပေါ်မူတည်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကိုဗစ်-၁၉ အထူး ချေးငွေရန်ပုံငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေ စသည်တို့ကို သီးခြားရန်ပုံငွေများအဖြစ် ထူထောင်ခဲ့ပြီး ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ / ဦးစီးအဖွဲ့များနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်နိုင်ငံ အရေးယူပိတ်ဆို့ခဲ့
ဆက်လက်ပြီး မိမိအနေဖြင့် နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်နိုင်ငံ အရေးယူပိတ်ဆို့ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြလိုကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်ဘဏ်လေးခုကို တာဝန်ယူကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း၊ နိုင်ငံပိုင်ဘဏ်လေးခုမှာ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ဖြစ်ကြောင်း၊ ယင်းဘဏ်လေးခုရှိသည့်အနက် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (Myanmar Foreign Trade Bank)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (Myanmar Investment and Com-mercial Bank) တို့ကို US Treasury-Office of Foreinge Assets Control (OFAC) မှ အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့ကြောင်း၊ US Treasury (OFAC)မှ အထွေထွေလိုင်စင်အမှတ် ၅ ဖြင့် MFTB နှင့် MICB တို့ကိုပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး MFTB သို့မဟုတ် MICB မှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်ဦးချင်းနှင့်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သည့် မည်သည့်အဖွဲ့အစည်းမဆို ၎င်းတို့၏ ငွေလွှဲပြောင်းပေးချေမှုများကို ၅-၈-၂၀၂၃ ရက်နေ့ အမေရိကန်စံတော်ချိန် ၁၂:၀၀ နာရီမှစ၍ သမ္မတ၏ အုပ်ချုပ်ရေးအမိန့်အမှတ် ၁၄၀၁၄ အရ တားမြစ်မည်ဖြစ်ကြောင်း ၂၁-၆-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ US Treasury (OFAC) အနေဖြင့် နိုင်ငံပိုင်ဘဏ်နှစ်ခုအပေါ် ယခုကဲ့သို့ ထုတ်ပြန်ခဲ့သည်မှာ တစ်ဖက်သတ်ပိတ်ဆို့မှုဖြစ်ပြီး ပိတ်ဆို့သည့်အကြောင်းပြချက်များမှာ ခိုင်မာမှုမရှိကြောင်း၊ MFTB သည် အစိုးရနှင့် ပုဂ္ဂလိကနိုင်ငံခြားငွေလုပ်ငန်းများကို ဆောင်ရွက်ပေးနေသောဘဏ်ဖြစ်ပြီး MICB သည် ပုဂ္ဂလိကများ၏ နိုင်ငံခြားငွေလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသောဘဏ်ဖြစ်ကြောင်း၊ ၎င်းတို့ကို ပိတ်ဆို့ခြင်းအားဖြင့် အစိုးရ၏ နိုင်ငံတော်နှင့် ပြည်သူများအတွက် ဆောင်ရွက်ပေးနေသော ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦ တည်ဆောက်ရေးကိစ္စရပ်များအပါအဝင် နိုင်ငံခြားငွေရရှိမှု၊ သုံးစွဲမှုများကို သက်ရောက်စေသည့်အပြင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်များ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုရယူသူ ပုဂ္ဂိုလ်အဖွဲ့အစည်းများကိုထိခိုက်စေကြောင်း၊ ပိတ်ဆို့မှုအမိန့်အပေါ်တွင်လည်း နိုင်ငံအလိုက်၊ သက်ဆိုင်ရာဘဏ်အလိုက် အဓိပ္ပာယ်ကောက်ယူမှုမတူကြဘဲ နှစ်မျိုးကွဲပြားပြီး လိုရာဆွဲယူကောက်ယူကြသည့် အနေအထားလည်း တွေ့ရကြောင်း ပြောကြားသည်။
နိုင်ငံပိုင်ဘဏ်များအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူအတွက် နိုင်ငံခြားငွေရရှိမှု၊ သုံးစွဲမှုများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်နှင့် အဆင်ပြေချောမွေ့မှုရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ OFAC General License No 5 ၏ ခြွင်းချက်များအရ Specific License လျှောက်ထားနိုင်သည့် ကိစ္စရပ်များကို ကိစ္စရပ်တစ်ခုချင်းအတွက် လျှောက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ထည့်ဝင်ကြေးများ ထည့်ဝင်ရေးကိစ္စ၊ နှစ်စဉ်ကြေးများထည့်ဝင်ရေးကိစ္စ၊ နိုင်ငံတကာမှရယူထားသည့် ပြည်ပချေးငွေပြန်လည်ပေးဆပ်ရေးကိစ္စများဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်များအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၊ INGO ၊ NGO ၊ UN အပါအဝင်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ ပြည်တွင်းပြည်ပဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)