နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို အောင်မြင်စွာ အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယင်းကို လက်တွေ့အကောင်အထည်ဖော်ပြီးလျှင် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်” ဟူသော ရှေ့လုပ်ငန်းစဉ် ပေါ်ပေါက်လာမည်ဖြစ်သည်။ အဆိုပါရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အဓိကကျသောအချက်မှာ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့် ရှေ့လုပ်ငန်းစဉ်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ ရှေ့ခရီးအတွက် အခြေခံအကျဆုံး အကောင်အထည်ဖော်ရမည်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကို ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ ဖော်ပြပါအချက်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှာ အရေးပါလာသည်။ အလားတူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးခြင်းအားဖြင့် မဲပေးပိုင်ခွင့်မရှိသူများမှအပ ပြည်သူတစ်ရပ်လုံးသည် ၎င်းတို့၏ဆန္ဒများကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။
ယခုအခါ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခဲ့သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ယနေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ စုစုပေါင်း ၃၆ ပါတီရှိသည်။ အဆိုပါပါတီများအနက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ခွင့်ပြုခဲ့သည့် ပါတီအဟောင်း ၃၀ နှင့် ပုဒ်မ ၃ အရ ပါတီအသစ်အဖြစ် လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီ ခြောက်ပါတီရှိသည်။ ခွင့်ပြုပေးခဲ့သည့်ပါတီ ၃၆ ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးဆောင်ရွက်မည့်ပါတီ ခုနစ်ပါတီနှင့် ကျန်ပါတီများမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စည်းရုံးဆောင်ရွက်သွားမည်ဖြစ်သည်။
ထူးခြားချက်အနေဖြင့် ပထမအချက်မှာ ပါတီဟောင်းများသာမက ပါတီအသစ် ခြောက်ပါတီပါဝင်လာပြီး ဒုတိယအချက်အနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ခုနစ်ပါတီရှိနေခြင်းဖြစ်သည်။ တတိယအချက်အနေဖြင့် ကျန်ရှိသည့်ပါတီများတွင်လည်း အများစုသည် တိုင်းရင်းသားပြည်နယ်များတွင် စည်းရုံးဆောင်ရွက်မည့်ပါတီများ ဖြစ်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခဲ့သည်မှာ သုံးကြိမ်ရှိပြီး ဆက်လက်ဆောင်ရွက်ရာတွင် ပါတီအများစုမှာ တိုင်းရင်းသားများကို ကိုယ်စားပြုနေသည်။
ရွေးကောက်ပွဲကျင်းပရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသား ပြည်သူအားလုံး ပါဝင်ခွင့်ရရှိရေးသည် အရေးကြီးသည်။ ရွေးကောက်ပွဲကျင်းပချိန်တွင် မဲဆန္ဒရှင်ပြည်သူအားလုံး အကြောက်တရားကင်းကင်း၊ ဖိအားကင်းကင်းနှင့် မိမိတို့ရွေးချယ်လိုသည့် ကိုယ်စားလှယ်လောင်းနှင့်ပါတီကို ရွေးချယ်နိုင်ရန်လိုအပ်သည်။ နိုင်ငံတော်၏ရည်မှန်းချက်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးကို အခြေခံအခွင့်အရေးအဖြစ်ရှုမြင်ထားသည်။ အသက်အရွယ်အရ ကန့်သတ်ချက်ပြည့်မြောက်ပြီးသည့် နိုင်ငံသားတိုင်း အခြေခံဥပဒေအရ မဲပေးပိုင်ခွင့်မရှိသူများမှအပ ပြည်သူတစ်ရပ်လုံး၏ဆန္ဒကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ သို့မှသာ ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြည့်စုံအောင်မြင်စွာကျင်းပနိုင်ရေး ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရမည် ဖြစ်သည်။
သို့ဖြစ်ရာ ပေါ်ပေါက်လာသည့် ပါတီအများစုတွင် တိုင်းရင်းသားပြည်နယ်များ၌ စည်းရုံးဆောင်ရွက်မည့်ပါတီများ ပါဝင်လာပြီဖြစ်၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် နိုင်ငံရေးစနစ် တည်ဆောက်ရာတွင်လည်းကောင်း၊ ပြည်ထောင်စုကို တည်ဆောက်ရာတွင်လည်းကောင်း တိုင်းရင်းသားပြည်သူအားလုံး၏ လိုလားချက်၊ တောင်းဆိုချက်များကို ကိုယ်စားပြုဖော်ပြနိုင်မည့် တိုင်းရင်းသားမျိုးစုံ ပါဝင်သည့် လွှတ်တော်ရပ်ဝန်းတစ်ခုသို့ ဦးတည်နေသည်ကို သတိပြုရမည်ဖြစ်ပါကြောင်း ။ ။