Skip to main content

ပြည်ထောင်စုဝန်ကြီးဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၂၃

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကော်မတီအနေဖြင့် မိုးစပါးစိုက်ရာသီအတွက် သွင်းအားစုလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းအား ဖြန့်ဖြူးရောင်းချပေးပြီးဖြစ်၍ ကျန်ရှိနေသော ၃၀ ရာခိုင်နှုန်းကို အချိန်မီဖြန့်ဖြူးပေးနိုင်ရေး သမဝါယမအသင်းများနှင့် သွင်းအားစုကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်ပြီး ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းအတွက် ရန်ကုန်အထိုင်ဈေးနှုန်းများ သတ်မှတ်ရောင်းချပေးလျက်ရှိပြီး ပုံမှန်ဈေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းများတွင် ဦးဆောင် ကော်မတီက သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးရန်နှင့် ယူရီးယား မြေဩဇာနှင့် ကွန်ပေါင်း (၁၅ ပတ်လည်) တို့အပြင် အခြားကွန်ပေါင်း ဓာတ်မြေဩဇာများကိုပါ တောင်သူများ ဝယ်ယူသုံးစွဲနေသည်ကို သိရသည့်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သုံးစွဲမည်ဆိုပါက သက်ဆိုင်ရာဒေသအလိုက် ပေါက်ဈေးနှုန်းပေါ် အခြေခံပြီး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က နိုင်ငံခြားငွေလဲလှယ်အသုံးပြုရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေးနှင့် တောင်သူများ သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည့် မြေဩဇာပေါက်ဈေးများ ဖြစ်စေရေးကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အခက်အခဲများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းအခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဖြည့်ဆည်းဆောင်ရွက်

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် နွယ်ရစ် ကျေးရွာသို့ သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက် သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံပြီး အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်-မန္တလေးလမ်း ဟောင်းနှင့် နွယ်ရစ်ကျေးရွာချင်းဆက်လမ်းကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် နွယ်ရစ်ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းပြီးစီးပါက အိမ်ခြေ ၇၆၅ အိမ်၊ လူဦးရေ ၃၁၇၈ ဦးတို့၏ စိုက်ပျိုးမြေ ၁၂၉၅ ဧကအတွက် အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျန်ရှိနေသည့် လမ်းအပိုင်းကို နောင်ဘဏ္ဍာနှစ်များတွင် လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ သို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ စိုက်ပျိုးမြေဧက ၂၀၀ အတွက် တစ်နာရီလျှင် ရေဂါလန် ၁၁၀၀၀ ရရှိနိုင်မည့် ဆိုလာစနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ  ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်