နေပြည်တော် သြဂုတ် ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမည့်အကြောင်းအရာများမှာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အကြောင်းအရာများ ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာအကြောင်းအရာများကို မိမိပြောကြားသွားမည်ဖြစ်ပြီး အများပြည်သူစိတ်ဝင်စားမည့်၊ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် အဓိကအသိပေးလိုသည့် စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် တာဝန်ရှိသူများကိုယ်တိုင် ပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေ ကဏ္ဍဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲနှင့် သက်ဆိုင်သည့်မေးခွန်းများကိုသာ မေးမြန်းကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ မေးခွန်းများနှင့်ပတ်သက်ပြီး ယခုနေရာမှာသာ အတတ်နိုင်ဆုံး ဖြေကြားသွားမည်ဖြစ်ကြောင်း၊ အချို့သော စီးပွားရေးဆိုင်ရာ အချက်အလက်ပိုင်းဆိုင်ရာများ၊ ကိုးကားမှုပိုင်းဆိုင်ရာများ၊ လိုအပ်ချက်ရှိသည့် မေးခွန်းများကို ယခုမဖြေကြားနိုင်လျှင်လည်း သီးခြား ပြန်လည်ဖြေကြားပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်း
ပထမဦးဆုံးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အခြေအနေကို ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် နိုင်ငံတော်၏ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါကြောင်း၊ နိုင်ငံတော်အတွက် ဆောင်ရွက်ရန် ကျန်ရှိနေသည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ နောက်ထပ် သက်တမ်း (၆) လ တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ တာဝန်အပ်နှင်းမှုအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅၇/၂၀၂၃ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင် ၁၈ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း။
ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်များကို ပိုမိုမြန်ဆန် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းပုံ ၃၂ ဦး ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင်ရှိသည့် အစိုးရအဖွဲ့အသီးသီးတွင်လည်း လိုအပ်သည့် ပြင်ဆင်ဖွဲ့စည်းမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အစိုးရအဖွဲ့အသီးသီးကို လိုအပ်သည့် ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်ပတ်သက်ပြီး လိုအပ်သည့် သုံးသပ်ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များအပါအဝင် နယ်ပယ်ကဏ္ဍစုံ သုံးသပ်ဆွေးနွေးပြီးနောက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း။
ရှေ့လုပ်ငန်းစဉ်များကိုကြည့်လျှင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ ရည်မှန်းချက်ကို တွေ့နိုင်ပါကြောင်း၊ မိမိတို့၏ ရည်မှန်းချက်သည် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်ပြည့်စုံစွာ ကျင်းပနိုင်ရေးဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်”ဟု သတ်မှတ်ထားပါကြောင်း၊ ရွေးကောက်ပွဲတစ်ရပ် ကျင်းပရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ၊ တိုင်းရင်းသားပြည်သူအားလုံး ပါဝင်ခွင့်ရရှိရေးသည် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲကျင်းပချိန်တွင်လည်း မဲဆန္ဒရှင်ပြည်သူအားလုံး အကြောက်တရားကင်းကင်း၊ ဖိအားကင်းကင်းနှင့် မိမိရွေးချယ်လိုသည့် ကိုယ်စားလှယ်လောင်းနှင့် ပါတီကို ရွေးချယ်နိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းအခြေအနေကောင်း များဖြစ်ပေါ်လာစေရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ ပထမဆုံး အချက်တွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း။
ဒုတိယအချက်တွင် “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဟု သတ်မှတ်ထားပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးစနစ်နှင့် တည်ရှိခြင်းဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်အကျုံးဝင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို မြှင့်တင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရစဉ်ကစပြီး လက်နက်ကိုင် တိုက်ခိုက်မှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုသည် နောက်ကျကျန်ခဲ့ရပါကြောင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်အသီးသီးတွင် နောက်ကျကျန်ရစ်ခြင်းကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခ အမြန်ဆုံးပြီးဆုံးပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ အဆက်ဆက်က ကြိုးပမ်းခဲ့ကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့သည် NCA လမ်းကြောင်းမှ သွေဖည်ပြီး NCA ကို ပစ်ပယ်ခဲ့သည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်ငြိမ်းချမ်းမှုရရှိစေရန် NCA ပါ သဘောတူညီချက်များနှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း။
ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း (၂၂) ကြိမ် ပြုလုပ်ခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ကို စတင်ရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီ ၁ ရက်မှ ဇူလိုင် ၂၇ ရက်အထိ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ (၇) ဖွဲ့၊ လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ (၃) ဖွဲ့တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း (၂၂) ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်းတွင် တက်ရောက်ဆွေးနွေးခဲ့သည့် အဖွဲ့တိုင်း၏ လိုလားချက်၊ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကိုလည်း စနစ်တကျစုစည်းထားရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မပျက် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် ဆွေးနွေးဆောင်ရွက်သွားရမည့် ကိစ္စရပ်များကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုသည့် စိတ်ဆန္ဒရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစဉ်အမြဲ တံခါးဖွင့်ထားပါကြောင်းကိုလည်း ထည့်သွင်းပြောကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ပြောကြားမှုများ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ၊ လမ်းညွှန်မှုများတွင်လည်း ငြိမ်းချမ်းရေးကို လိုလားသည့်စိတ်အမြဲရှိရန် ငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဆွေးနွေးရန် အစဉ်အမြဲတံခါးဖွင့်ထားသည်ကို ထည့်သွင်းပြောကြားသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
ယင်းအတွက်လည်း မိမိတို့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ တတိယအချက်တွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဆိုသည်ကို ထည့်သွင်း ထားရှိပါကြောင်း။
စတုတ္ထအချက်ဖြစ်သည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်”နှင့် ပဉ္စမအချက်တွင် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ် လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” တို့ကိုလည်း ရှေ့လုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ရွေးကောက်ပွဲကို ဦးတည်ဆောင်ရွက်ထား
ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် မိမိအဓိကထားပြောလိုသည်မှာ နံပါတ် ၅ အချက်ဖြစ်ပါကြောင်း၊ ယခင်ကရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နံပါတ် ၅ အချက်သည် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဖြစ်ပါကြောင်း၊ ယခုရှေ့လုပ်ငန်းစဉ်တွင် မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို ဦးတည်ဆောင်ရွက်ထားသည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးသည် အခြေခံအခွင့်အရေးဖြစ်ကြောင်း၊ အသက်အရွယ်အရ ကန့်သတ်မှု ပြည့်မြောက်ပြီးသည့် နိုင်ငံသားတိုင်း၊ အခြေခံဥပဒေအရ မဲပေးပိုင်ခွင့်မရှိသူများမှအပ ပြည်သူတစ်ရပ်လုံးသည် မိမိ၏ဆန္ဒကို ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိလိုလားသည့် နိုင်ငံရေးစနစ်ကို ထောက်ခံနိုင်မည်ဖြစ်ကြောင်း၊ မိမိလိုလားသည့် နိုင်ငံရေးပါတီ သို့မဟုတ် မိမိလိုလားသည့် ပုဂ္ဂလိကအရွေးချယ်ခံကို ရွေးချယ်ခွင့်ရှိမည်ဖြစ်ကြောင်း။
ထို့ကြောင့် ယင်းအခွင့်အရေးနစ်နာမှုမရှိအောင် မိမိတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲသည် အားလုံးခြုံငုံမိသည့် စကားရပ်ဖြစ်ပါ ကြောင်း၊ မဲစာရင်းများမှန်ကန်စေရေး၊ မဲရုံများ စနစ်တကျရှိစေရေး၊ မဲပေးရန်အတွက် အခြေအနေဖန်တီးပေးခြင်း စသည်တို့အားလုံးသည် စနစ်ကျန မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ညီညွတ်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ ထို့နောက် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးလျှင် အထွေထွေရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြင်ဆင်ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များအပေါ် မူတည်ပြီး နိုင်ငံရေးနှင့်ပတ်သက်သည့် ဦးတည်ချက်များကို ယခင် ချမှတ် ထားသည့် ဦးတည်ချက်များထက် ပိုမိုကျစ်လျစ်သည့် ဦးတည်ချက်များအဖြစ် ယခုတင်ပြထားသည့်အတိုင်း ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ကိုတည်ဆောက်နိုင်ရေးအတွက် အရေးကြီးသည့် ဦးတည်ချက်များ ချမှတ်ထားခြင်းကို သတိပြုမိစေလိုပါကြောင်း၊ ထို့နောက် စီးပွားရေး ဦးတည်ချက် (၃) ရပ် ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်၏ ဒုတိယအချက်တွင် ဖော်ပြပါရှိသည့် “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်” ဆိုသည့်အချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ စီးပွားရေးဦးတည်ချက်(၃)ရပ်က အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယင်းနောက် လူမှုရေးဦးတည်ချက် (၃)ရပ်ဖြစ်ပြီး လက်ရှိအခြေအနေများနှင့် ကိုက်ညီစွာ ထည့်သွင်းပြင်ဆင်ထားခြင်း ရှိပါကြောင်း၊ ထိုအထဲမှ ထူးခြားမှုတစ်ခုအနေဖြင့် လူငယ်ကဏ္ဍ ဖြစ်ကြောင်း။
လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး
လူမှုရေးဦးတည်ချက်တွင်ပါသည့် နံပါတ်(ဂ) နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ် များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခု၏ အနာဂတ်သည် လူငယ်များလက်ထဲတွင်ရှိပါကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် မိမိတို့နိုင်ငံ၏ တာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များသည် အသိပညာ၊ အတတ်ပညာ၊ မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဗဟုသုတများပြည့်စုံနေရန် လိုပါကြောင်း၊ ယင်းကဲ့သို့ ပြည့်စုံရန်အတွက် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂ ဗလ စသည့်ဗလငါးတန်နှင့် ပြည့်စုံရန် လိုအပ်ပါကြောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးဆိုသည့် အချက်များအရ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းမည်ဆိုလျှင် နိုင်ငံသားတိုင်း ပညာတတ်မြောက်နေရန် လိုပါကြောင်း၊ ထို့ကြောင့် အစိုးရ၏ပညာရေး ရည်မှန်းချက်များကို ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်နှင့် အခြေခံပညာအလယ်တန်းအဆင့် KG + 9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရန်ဆိုပြီး သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ အဓိကအနေဖြင့် အနာဂတ်နိုင်ငံတော်၏တာဝန်ကို ဦးဆောင်မည့်လူငယ်များအတွက် အလေးထားပြုစုပျိုးထောင်ပေးလိုသည့်အတွက် ဦးတည်ချက်တစ်ခုအဖြစ် အလေးထားထည့်သွင်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း။
ပြင်ဆင်သတ်မှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးဦးတည်ချက်များကို အသေးစိတ်ပြန်လေ့လာကြည့်လျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ရှေးရှုဆောင်ရွက်နေမှုကို မြင်သာလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ
ဆက်လက်၍ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များနှင့် ဆက်စပ်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များကို တင်ပြလိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ ပထမအချက်၊ စတုတ္ထအချက်နှင့် ပဉ္စမအချက်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများကို မှတ်ပုံ တင်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ယနေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီစုစုပေါင်း ၃၆ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ပါတီများအနက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ခွင့်ပြုခဲ့သည့် ပါတီအဟောင်း ၃၀ နှင့် ပုဒ်မ ၃ အရ ပါတီအသစ်အဖြစ် လျှောက်ထားခဲ့သည့် ၆ ပါတီ ရှိပါကြောင်း၊ ခွင့်ပြုခဲ့ပြီး ၃၆ ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး ဆောင်ရွက်မည့်ပါတီ ၇ ပါတီနှင့် ကျန်ပါတီများအနေဖြင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်အဆင့် စည်းရုံးဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီများအနက် ကျန်ရှိနေသေးသည့် ပါတီများကိုလည်း လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်ပြီးချိန်တွင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးတင်ပြ လိုပါကြောင်း၊ သတိပြုသင့်သည့် အချက်များအနေဖြင့် ပထမအချက်က ပါတီဟောင်းများသာမက ပါတီအသစ် ၆ ပါတီ ရှိလာခြင်းဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၇ ပါတီအထိ ရှိနေခြင်းဖြစ်ကြောင်း၊ တတိယအချက်အနေနှင့် ကျန်ရှိ သည့်ပါတီများတွင်လည်း အများစုသည် တိုင်းရင်းသားပြည်နယ်များတွင် စည်းရုံးဆောင်ရွက်မည့် ပါတီများဖြစ်ခြင်းကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် နိုင်ငံရေးစနစ် တည်ဆောက်ရာတွင်၊ ပြည်ထောင်စုကိုတည်ဆောက်ရာတွင် တိုင်းရင်း သားပြည်သူအားလုံး၏ လိုလားချက်၊ တောင်းဆိုချက်များကို ကိုယ်စားပြုဖော်ပြနိုင်မည့် တိုင်းရင်းသားမျိုးစုံ ပါဝင်သည့် လွှတ်တော်ရပ်ဝန်းတစ်ခုကို ဦးတည်နေသည်ကို သတိပြုမိစေလိုပါကြောင်း။
မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးအခြေအနေ
ဆက်လက်၍ လူမှုရေးကဏ္ဍကိုပြောလိုပါကြောင်း၊ မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးအခြေအနေကို ပြောကြားလိုပါကြောင်း၊ မိမိတို့အနေဖြင့် မိုခါမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်နိုင်မည့်အခြေအနေကို မေ ၄ ရက်တွင် ကနဦးအတည်ပြုခဲ့ပါကြောင်း၊ မေ ၆ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး မုန်တိုင်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ခဲ့ပါကြောင်း၊ မိုခါမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်ကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် ၂၀၂၃ ခုနှစ် မေ ၁၃ ရက်တွင် ကြိုတင်ကြေညာစေခဲ့ပါကြောင်း၊ ပုံမှန်လုပ်ထုံးလုပ်နည်းအရ၊ မိုးလေဝသဆိုင်ရာ ကြိုတင်သတိပေးရေးလုပ်ငန်းစဉ်အရ မုန်တိုင်း မဝင်မီ ၁၂ နာရီအလိုတွင် ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ သို့သော် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် မုန်တိုင်းမဝင်မီတစ်ရက်ကျော်ကတည်းက ကြိုတင်ကြေညာစေခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မုန်တိုင်းတိုက်ခတ်နိုင်သည့် ဒေသအသီးသီးက ပြည်သူများကိုလည်း အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါကြောင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု ကောင်းမွန်ခဲ့သည့်အတွက် မုန်တိုင်းကြောင့် သေဆုံးရသည့်အရေအတွက် နည်းပါးခဲ့ကြောင်း၊ တိုက်ခတ်ခဲ့သည့် မုန်တိုင်း၏ အရှိန်က ယခင် နာဂစ်မုန်တိုင်းထက် ပြင်းထန်သည့် မုန်တိုင်းဖြစ်ပါကြောင်း၊ ကြိုတင်သတိပေးမှုကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အချိန်ယူပြီး ကြိုတင်ပြင်ဆင်မှုများကြောင့်၊ မိမိတို့၏ ပြည်သူလူထုအပေါ် အလေးထားဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့်၊ သေပျောက်မှု၊ တခြားဆုံးရှုံးမှု နည်းပါးခြင်းဖြစ်ပါကြောင်း၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်း ၇ မြို့နယ်နှင့် ချင်းပြည်နယ်က ၂ မြို့နယ်တို့သည် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တပ်မတော်အကြီးအကဲများသည် မုန်တိုင်းဒဏ်သင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆောင်ရွက်ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ရှိသူများနှင့် တပ်မတော်မှ အရာရှိကြီးများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အနီးကပ်ကြီးကြပ်နိုင်ရန် တာဝန်ပေးအပ်ပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
အခြေခံပညာကျောင်းများသည် မုန်တိုင်းတိုက်ခတ်ပြီးမကြာမီတွင် ကျောင်းများ ဖွင့်လှစ်ရမည့်အချိန် ဖြစ်ပါကြောင်း၊ အခြေခံကျောင်းများ အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ စားနပ်ရိက္ခာပြတ်လပ်မှုမရှိရေး၊ ဆက်သွယ်ရေးစနစ်နှင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိစေရေးအပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အရှိန်အဟုန်နှင့် ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းစဉ်မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း။
မုန်တိုင်းတိုက်ခတ်ပြီးမကြာမီတွင် တစ်နိုင်ငံလုံး အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင်လည်း ရာနှုန်းပြည့်နီးပါးအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ရှိကာလတွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာရေး အဆောက်အအုံများ ပြုပြင်ပြီးစီးမှု ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားဆေးဝန်ထမ်းတပ်ဖွဲ့မှ အဖွဲ့များ၊ သူနာပြုများနှင့် အလေးထားဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မုန်တိုင်းတိုက်ခတ်မှုအပြီး ထိခိုက်ပျက်စီးခဲ့သည့် ကျန်းမာရေးအဆောက်အအုံများ၏ ၉၄ ရာခိုင်နှုန်းထိ ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထု သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးရေ လုံလောက်စွာ ရရှိရေးတို့ကိုလည်း အချိန်တိုအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
မိုဘိုင်းဆက်သွယ်ရေးစနစ်ကို လက်ရှိကာလတွင် ရာနှုန်းပြည့် ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်ပြီး ပို့လွှတ်ရေးအတွက် ဓာတ်အားလိုင်းအားလုံးပြင်ဆင်ပြီး ဖြစ်ကြောင်း၊ မြို့နယ် ၁၇ မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များအားလုံး ရာနှုန်းပြည့် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော် စသည့်မြို့နယ်များ၏ ကျေးလက်ဒေသများကို ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အမြန်ဆုံးပြီးစီးအောင် အလေးထားဆောင်ရွက်လျက်ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း။
မုန်တိုင်းတိုက်ခတ်မှုပြီးနောက် မုန်တိုင်းဒဏ်သင့်ပြည်သူများကို စာနာထောက်ထားပြီး ကူညီလှူဒါန်းခဲ့မှုအခြေအနေများကို ဆက်လက် ပြောကြားလိုပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရိလင်္ကာ စသည့်နိုင်ငံများနှင့် AHA Centre မှ စားသောက်ဖွယ်ရာများ၊ ဆေးဝါးပစ္စည်းများ၊ ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စသည်ဖြင့် ပေးပို့လှူဒါန်းခဲ့သည့်အတွက် အဆိုပါနိုင်ငံများနှင့် အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်း၊ ပိုမို အားကျဖွယ်၊ ချီးကျူးဖွယ်ကောင်းသည်မှာ မိမိတို့ မြန်မာနိုင်ငံအတွင်းရှိသည့် ပြည်သူလူထုက မုန်တိုင်းဒဏ်သင့် ညီအစ်ကိုမောင်နှမများ၏ အခက်အခဲကို ပါဝင်ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါကြောင်း၊ ကိုယ်တိုင်လာရောက်လှူဒါန်းခြင်း၊ သက်ဆိုင်ရာ ငွေစာရင်းများသို့ ပေးပို့လှူဒါန်းခြင်း၊ မိုဘိုင်းစနစ်ဖြင့် ထည့်ဝင်လှူဒါန်းခြင်းတို့ကိုလည်း အားတက်သရော ပါဝင်ခဲ့ကြသည့်အတွက် ၂၀၂၃ ခုနှစ် သြဂုတ် ၂၁ ရက်အထိ မြန်မာကျပ်ငွေ ၃၃ ဘီလီယံကျော်နှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ခုနစ်သိန်းငါးသောင်းကျော် လက်ခံရရှိခဲ့ပါကြောင်း၊ တင်ပြခဲ့သည့် စာရင်းတွင် မပါဝင်ဘဲ Volunteer အနေဖြင့် လာရောက်၊ သွားရောက် လှူဒါန်းမှုများလည်း အများအပြား ရှိခဲ့ပါကြောင်း၊ တိုင်းရင်းသား ညီနောင်များ၏ ဒုက္ခကို စုပေါင်းညီညွတ်သည့်အား၊ ကူညီဖြည့်ဆည်းပေးလိုသည့် သဒ္ဓါတရားတို့တွင် မိမိတို့ မြန်မာများ၏ မြင့်မြတ်သည့်စိတ်ကို ပြသခဲ့ခြင်းဖြစ်ကြောင်းနှင့် Volunteer များ၊ လှူဒါန်းခဲ့သူများကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် အထူ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ (ဆက်လက်ဖော်ပြပါမည်)