နေပြည်တော် ဩဂုတ် ၂၃
နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ လျှိုပိတ်ဆည်၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး လျှိုပိတ်ဆည်အတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၅၀,၀၀၀ စိုက်ထည့်ကြသည်။
ညနေပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် တတိယ အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ရတနာတန်းဝင် ကျွန်းပင် ၃၀၂ ပင်ကို စုပေါင်း စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ သတ်မှတ်နေရာများ၌ တပျော်တပါး ပျိုးပင်များ စိုက်ပျိုးနေမှုများကိုလည်းကောင်း၊ ပထမအကြိမ် နှင့် ဒုတိယအကြိမ် စိုက်ပျိုးခဲ့ကြသည့် ရတနာတန်းဝင် ကျွန်းပင် နှင့် အရိပ်ရလေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေကို လည်းကောင်း လိုက်လံကြည့်ရှု အားပေးကြသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန ရုံးချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်း များအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီကာလအတွင်း ပထမအကြိမ်၌ ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည် သီးနှံပင်နှင့် အရိပ်ရလေကာပင် ၁၀,၈၆၅ ပင်၊ ဒုတိယအကြိမ်၌ ၉,၅၉၃ ပင် နှင့် တတိယအကြိမ်၌ ၉,၂၆၅ ပင် စုစုပေါင်း ၂၉,၇၂၃ ပင် စိုက်ပျိုးပြီးခဲ့ကြောင်းနှင့် ရှင်သန်အောင်မြင်ဖြစ်ထွန်းရေးအတွက် ထိန်းသိမ်းပြုစု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်