Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့် အာဆီယံနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော် ဩဂုတ် ၂၃

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဩဂုတ်၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့် အာဆီယံနိုင်ငံများ၏ ကျန်းမာ ရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ  ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြသည်။

အာဆီယံ ဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးကို ဩဂုတ် ၂၄ ရက် နှင့် အာဆီယံနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို ဩဂုတ် ၂၅ ရက်တို့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး အာဆီယံဒေသအတွင်း ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုများနှင့် ကောင်းမွန်လျင်မြန်စွာ တုံ့ပြန်နိုင်မည့် ကျန်းမာရေးစနစ်များ ပေါ်ပေါက်လာရေးအတွက် ဘဏ္ဍာရေးနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ အရေးပေါ်ကာကွယ် တုံ့ပြန်ရေးမှ တစ်ဆင့် ရေရှည်ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ကောင်းမွန်သည့်ကျန်းမာ ရေးစနစ်များ ဖြစ်ပေါ်လာစေရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်