Skip to main content

ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာဝိပဿနာကျောင်းတိုက်နှင့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၀)၊ နောင်ခမ်းကြီးကျေးရွာတို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၃ ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာဝိပဿနကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း     ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၀)၊ နောင်ခမ်းကြီးကျေးရွာ၊ စမတောင်ကျောင်းတိုက်ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော် ၃၈ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၂ ပါးနှင့်ဒေသခံပြည်သူ ၉၈ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။