Skip to main content

အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ရာတွင် အမှန်တကယ်အကျိုးရှိထိရောက်အောင် စီမံဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မှာကြား

နေပြည်တော် ဩဂုတ် ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဒုတိယဝန်ကြီးဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေနံနက်ပိုင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး မွမ်းမံသင်တန်း တက်ရောက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်း သင်တန်းသား/ သင်တန်းသူအား သွားရောက်တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသင်ကြားပေးခဲ့သော ဘာသာရပ်များအပေါ်ခြုံငုံသုံးသပ်၍ မိမိတို့လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးချနိုင်ရေးဆောင်ရွက်သွားရန်၊ အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ရာတွင် အမှန်တကယ်အကျိုးရှိ ထိရောက်အောင် စီမံဆောင်ရွက်သွားကြရန်၊ သင်တန်းဆင်း ကျေးရွာသူကျေးရွာသားများကို လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက်သွားကြရန်၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်လုပ်ထုံးလုပ်နည်း၊ လက်စွဲစာစောင်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းများအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းမှာကြားပြီး ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြင်ပထက်သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် “ဝန်ထမ်းသက်သာ ကုန်မျိုးစုံအရောင်းဆိုင် ဖွင့်လှစ် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။

ကျွမ်းကျင်စွာတတ်မြောက်စေရန် ရည်ရွယ်

အဆိုပါသင်တန်းကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျရှိစေရေး၊ စီမံကိန်းတွင် ပြောင်းလဲအသုံးပြုနေ သော ဒစ်ဂျစ်တယ်နည်းပညာများဖြစ်သည့် Mobile Financial Payment စနစ် အသုံးပြုဆောင်ရွက်နိုင်ရေး နှင့် MIS စနစ် လက်တွေ့အသုံးပြုမှုများကို ကျွမ်းကျင် စွာတတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၌ ကျေးလက်လမ်းများဆိုင်ရာ GIS Dashboard ဆောင်ရွက်ထားရှိမှုများတင်ပြခြင်း အလုပ်ရုံဆွေးနွေး ပွဲသို့ တက်ရောက်နေသော ဝန်ထမ်းများအား သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် တာဝန်ရှိသူများက GIS နည်းပညာ ဖြင့် လမ်းကွန်ရက်ချိတ်ဆက်မှုပြ မြေပုံများရေးဆွဲ ဆောင်ရွက်နေမှုနှင့် ကျေးလက်လမ်းများဆိုင်ရာ GIS Dashboard စမ်းသပ်ဆောင်ရွက်နေမှုအခြေ အနေကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက GIS နည်းပညာ ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း စီမံခန့်ခွဲပေးရမည့် ကိစ္စများအပေါ် လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်ပေးနိုင်ခြင်း၊ လမ်းရေရှည်ကောင်းမွန်ရေး သုတေသနလုပ်ငန်းများ အတွက်အရေးပါခြင်းနှင့် လမ်းကွန်ရက်ချိတ်ဆက်မှုများဆောင်ရွက်ရာ၌ များစွာပံ့ပိုးပေးနိုင်ခြင်းတို့ကြောင့် GIS နည်းပညာကို စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဝန်ထမ်းသက်သာဆိုင် ဖွင့်လှစ်ရောင်းချနိုင် ရေးမြေနေရာစီစဉ်ထားရှိမှု၊ ဦးစီးဌာနများစားရိပ်သာ၌ ဝန်ထမ်းများအတွက် နေ့လယ်စာ ချက်ပြုတ် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

မိုးစပါး စိုက်ပျိုးထားရှိမှုကြည့်ရှု

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် သပြေစမ်းကျေးရွာသို့ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်နေသည့် ရေစစ်ကန် ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်၊ ရေစက်ရုံ၊ ခြံစည်းရိုးကာရံခြင်းနှင့် ရေပိုက်လိုင်း ပေ ၃၂၂၀ သွယ်တန်းခြင်းလုပ်ငန်းများနှင့် ကျေးရွာတောင်သူ ဦးအောင်ခိုင်၏လယ်မြေများတွင် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် GW11 မိုးစပါး စိုက်ပျိုးထားရှိမှုအခြေအနေတို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်