ချောင်းသာ သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့ ချောင်းသာကမ်းခြေ၌ ယမန်နေ့ ညနေ ၅ နာရီခန့်က ဝေလငါးမျိုးစိတ်ဝင် ငါးကြီးတစ်ကောင်သောင်တင်လျက်တွေ့ရှိခဲ့ပြီး ပင်လယ်ပြင်သို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ မြို့ငါးလုပ်ငန်းဦးစီးဌာန ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများသည် ကမ်းခြေတစ်လျှောက် ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေစဉ် ချောင်းသာကမ်းခြေ သီရိဟိုတယ် ရှေ့ကမ်းခြေတွင် တွေ့ရှိရခြင်း ဖြစ်ပြီး အလျား ၁၀ ဒသမ ၇ ပေ၊ လုံးပတ် ငါး ပေ၊ ရေယက် အကျယ်သုံးပေခန့်ရှိသော ဝေလငါးမျိုးစိတ်ဝင် ငါးကြီး တစ်ကောင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝေလငါးမျိုးစိတ်ငါးကြီးကို မြို့ငါးလုပ်ငန်းဦးစီးဌာနမှူးဦးစီး၍ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ပင်လယ်ပြင်သို့ ဘေးမဲ့ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)