Skip to main content

Digital Museum နှင့် Pagoda Digital Directory အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၂၁

Digital Museum နှင့် Pagoda Digital Directory အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပရာ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ Digital Museum အခြေခံသင်တန်း တက်ရောက်နေကြသော သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးဒေါ်နုမြဇံကပြတိုက်နှင့် စာကြည့်တိုက်များကို ခေတ်မီနည်းပညာများဖြင့် ပြည်သူလူထုကိုပြသရန် လိုအပ်ကြောင်း၊ Digital Museum ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားပါကြောင်း၊ အလားတူ ပြတိုက်၊ စာကြည့်တိုက်များသာမက မြန်မာနိုင်ငံမှ အထင်ကရဘုရားများတွင် Pagoda Digital Directory ပြုလုပ်၍ အများပြည်သူသိရှိအောင် ပြသထားရှိရန်လည်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုခဲ့၍ ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြတိုက်၊ စာကြည့်တိုက်များသာမက နိုင်ငံအတွင်း ထင်ရှားသော တန်ခိုးကြီးဘုရားကိုးဆူကို ဦးစွာရွေးချယ်၍ ဘုရားဂေါပက အဖွဲ့များကို ဖိတ်ကြားကာ အဆိုပါ ဘုရားများအတွက် Pagoda Digital Directory ပြုလုပ်ရေး ဦးဆောင်ဆွေးနွေး ရှင်းလင်းပြသရမည်ဟု လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်ထားသည့် Digital Museum လုပ်ငန်းများကို ပြသ၍ နမူနာထား ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဌာနမှ ဆောင်ရွက်ထားသည့် Digital Museum ဆိုင်ရာ အကောင်အထည်ဖော် ထားရှိမှုများကို ရှင်းလင်းတင်ပြကာ Digital Museum ဆောင်ရွက်ထားမှုအခြေအနေကို လက်တွေ့သရုပ်ပြ ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက Pagoda Digital Directory အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ကိစ္စနှင့်ပတ်သက်၍ အကြံပြုတင်ပြဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်